၅.၁၀.၂၀၂၃
Written by Peya
လာအိုနိုင်ငံရှိ Online မှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို့ မြန်မာအမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၁ ဦးအား ရောင်းစားသူ အမျိုးသမီးကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံက အောက်တိုဘာလ ၅ ရက်တွင် သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်နေ မစိုးစိုး (ခ) မချစ်ချစ် (ခ) မမိုးမိုးဦးက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နေ ကို—၊ ၂၂/၂၀၂၂ နှစ်၊ ကို—၊ ၂၁/၂၀၂၂ နှစ်၊ ကို—၊ ၁၉/၂၀၂၂ နှစ်၊ ကို—၊ ၁၉/၂၀၂၂ နှစ်၊ ကို—၊ ၂၀/၂၀၂၂၊ ကို—၊ ၂၂/၂၀၂၂ နှစ်နှင့် မ—၊ ၂၁/၂၀၂၂ နှစ်တို့ကို လာအိုနိုင်ငံရှိ ဂိမ်းဆိုင်တွင် အလုပ်လုပ်ရမည်ဟု ဆိုကာ ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်းရုံးရာတွင် တစ်လလျှင် လုပ်ခလစာ ၁၅ သိန်းခန့်ရမည်ဟု စည်းရုံးပြောဆိုခြင်းဖြစ်ကာ လာအိုနိုင်ငံသို့ ရောက်သော အခါ အထက်ပါအမျိုးသမီးပြောထားသည့်ဂိမ်းဆိုင်တွင် မဟုတ်ဘဲ Online မှ ငွေလိမ်ရသောလုပ်ငန်းသို ပို့ဆောင်ရောင်း စားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်ကုန်းမြို့မရဲစခန်းက (ပ)၁၅၃/၂၀၂၂၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၅ ဖြင့် အမှုရေးဖွင့်၍ ဥတ္တရခရိုင် တရားရုံးသို့ တရားစွဲတင်ပိုခဲ့ရာ တရားခံ မစိုးစိုး (ခ) မချစ်ချစ် (ခ) မမိုးမိုးဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်း ၂၅ နှစ်အား သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။