October 22, 2024

MT News

Written By A Thaung

လှိုင်သာယာတစ်ထိပ်မှတ်တိုင်အနီးတွင် အမည်မသိဆိုင်ကယ်သမားတစ်စုက ကားသမားအားဓါးဖြင့်ထောက်၍ ဆန်ဆယ်အိတ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသည့် ထက်ဝင်းကျော်ဆန်ဆိုင်ပိုင်ရှင် ကိုထက်ဝင်းကျော်ကပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့ညနေ ၆ နာရီ မိနစ် ၂၀ အချိန်တွင် လှိုင်သာယာတစ်ထိပ်မှ မြောက်ဥက္ကလာပသို့ ဆန်ပို့ရန်ထွက်ခွာလာသည့် Bingo အမျိုးအစားကားမှာ တစ်ထိပ်မှတ်တိုင်အနီးတွင် ရပ်နားထားစဉ် အမည်မသိ ဆိုင်ကယ်ကယ်ရီသမားတစ်စုက ကားအားဖုံးအုပ်ထားသည့် တာလပတ်စကိုချည်နှောင်ထားသည့်ကြိုးကို ဓါးဖြင့်ဖြတ်ပြီးနောက် ကားပေါ်မှဆန်အိတ်လုယက်နေစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှ သွားရောက်တားမြစ်ရာ နောက်ထပ်ဆိုင်ကယ်သမားများထပ်ရောက်လာပြီး ယာဉ်မောင်းအားဓါးဖြင့်ထောက်၍ ဆန်အိတ်များလုယက်သွားကြောင်း ၎င်းကပြောသည်။

“ပထမကတော့ လူနည်းနည်းလေးဗျ။ နောက်တော့ ကားသမားကသိပြီး သွားတားတော့ နောက်ထပ်ကယ်ရီသမားတွေထပ်ရောက်လာတယ်။ ယာဉ်မောင်းကို ဓါးနဲ့ထောက်ထားပြီး ငြိမ်ငြိမ်နေ။ ငါတို့က နည်းနည်းပဲယူတာလို့ပြောပြီး ကားပေါ်က ဆန်အိတ်ဆယ်အိတ်ကို ကယ်ရီပေါ်တင်ပြီး မောင်းပြေးသွားကြတယ်” ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ လက်မောင်းတွင် ဓါးဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ်တွင် ဓါးထောက်လုယက်မှုများ ဖြစ်ပွားနေပြီး လှိုင်သာယာအခြေစိုက် YBS 22 နှင့် YBS 61 ကားများပေါ်တွင်လည်း အုပ်စုဖွဲ့လုယက်မှုများဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *