◾ အာရှအားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခုဖြင့် နိုင်ငံအဆင့်ဆုရရှိမှု အဆင့် ၂၇ ရောက်လာ
MT News
၅. ၁၀. ၂၀၂၃
အမျိုးသမီး မီတာ ၅၀၀ နဂါးလှေပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ကြေးဆုထပ်မံဆွတ်ခူးခဲ့တာကြောင့် အာရှအား ကစားပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေတစ်ခု၊ ကြေးတစ်ခုနဲ့ နိုင်ငံအဆင့်ဆုရရှိမှုဇယားမှာ အဆင့် ၂၇ ရောက်လာခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက်က ယှဥ်ပြိုင်တဲ့ အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းက အင်ဒိုနီးရှားကို နှစ်ပွဲပြတ်နဲ့အနိုင်ယူပြီး ရွှေဆုရခဲ့သလို ဒီနေ့မနက်မှာကျင်းပတဲ့ အမျိုးသမီး မီတာ ၅၀၀ နဂါးလှေပြိုင်ပွဲမှာ တရုတ်က ပထမ၊ အင်ဒိုနီးရှားက ဒုတိယနဲ့ မြန်မာအသင်းက တတိယရလာခဲ့တာပါ။
တရုတ်နိုင်ငံမှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ အောက်တိုဘာ ၅ ရက်မနက်အထိ ဆုဆွတ်ခူးမှုတွေမှာအိမ်ရှင်တရုတ်က ရွှေ ၁၇၄ ခု ဆုတံဆိပ်ရရှိမှုပေါင်း ၃၂၁ ခုနဲ့ ဆုတံဆိပ်ဇယားကို ထိပ်ဆုံးက ဦးဆောင်နေပြီး ဂျပန်က ရွှေ ၃၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၄၇ နဲ့ဒုတိယနေရာ၊ တောင်ကိုရီးယားက ရွှေ ၃၃ ခု စုစုပေါင်းဆုတံဆိပ် ၁၄၉ ခုနဲ့ တတိယ၊ အိန္ဒိယနိုင်ငံက ရွှေ ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၈၂ ခုနဲ့ စတုတ္ထနေရာရပ်တည်နေပြီး ဥဇဘက်ကစ္စတန်ကတော့ ရွှေ ၁၆ ခု စုစုပေါင်းဆုတံဆိပ် ၅၄ ခုနဲ့ ပဥ္စမနေရာရပ်တည်နေပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်ကို အာရှအိုလံပစ်ကော်မတီဝင် ၄၅ နိုင်ငံဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ ၃၈ နိုင်ငံဟာ အနည်းဆုံးကြေးဆုတစ်ဆုရရှိထားပြီး ဘာဆုမှမရသေးတဲ့နိုင်ငံကလည်း ၇ နိုင်ငံရှိနေပါတယ်။
စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိကျင်းပမဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ အမျိုးသား ဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports၊ မြားပစ်နဲ့ ပိုက်ကျော်ခြင်း အားကစား နည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။