MT News
၅. ၁၀. ၂၀၂၃
၁၉၃၀ မှာ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလား နှစ် ၁၀၀ ပြည့်အမှတ်တရအဖြစ် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားကို တိုက်ကြီးသုံးတိုက်က နိုင်ငံခြောက်ခုမှာ ကျင်းပဖို့ စီစဥ်နေတယ်လို့ ဖီဖာက ပြောပါတယ်။
နှစ် ၁၀၀ ပြည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပတိုက်က စပိန်နဲ့ ပေါ်တူဂီ၊ မြောက်အာဖရိကတိုက်က မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရမှာဖြစ်ပြီး တောင်အမေရိကတိုက်က ဥရုဂွေး၊ ပါရာဂွေးနဲ့ အာဂျင်တီးနားတို့က အဖွင့်ပွဲစဥ်သုံးပွဲ လက်ခံကျင်းပခွင့်ရမှာပါ။ ဒီသုံးနိုင်ငံမှာ အဖွင့်သုံးပွဲကျင်းပမှုက ပထမဆုံးကမ္ဘာ့ဖလားကို တောင်အမေရိကတိုက်မှာ ကျင်းပခဲ့မှုအထိမ်းအမှတ်ပါ။
ကျန်တဲ့ပွဲစဥ်တွေကိုတော့ တရားဝင်အိမ်ရှင်တွေဖြစ်တဲ့ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုနိုင်ငံတွေမှာ ကျင်းပသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ လာမဲ့နှစ် ဖီဖာညီလာခံမှာထုတ်ပြန်မှာပါ။
FIFA က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှနဲ့ သမုဒ္ဒရာပိုင်းနိုင်ငံတွေကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ဆော်ဒီအာရေဗျက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရဖို့ကြိုးပမ်းသွားမှာပါ။
ဒီလိုမျိုး ကမ္ဘာ့အကြီးကျယ်ဆုံး ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နေရာအနှံ့အပြားမှာကျင်းပတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခံရတဲ့ ဆော်ဒီအာရေဗျက ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်လာဖွယ်ရှိတဲ့ အခြေအနေတွေအပေါ်တော့ ကန့်ကွက်ရှုတ်ချမှုတွေလည်း ရှိနေပါတယ်။
Ref; BBC