၅.၁၀.၂၀၂၃
Written by Peya
မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ အစ်မတော်ဖြစ်သည့် သီလရှင်ဆရာကြီး ဒေါ်ကဉ္ဇနာသည် ယနေ့ စက်တင်ဘာ ၅ ရက်တွင် ခန္ဓာချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးနှင့် အစ်မတော်တို့၏ ကြည်နူးဖွယ် Video များမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် လူအများ ၏ ချစ်ခင်ခြင်းကို ရရှိခြင်းဖြစ်သကဲ့သို့ ဆရာကြီးသည်လည်း လူအများ၏ လေးစားချစ်ခင်ခြင်းကို ခံရသူဖြစ်သည်။
“ဆရာကြီး ဒေါ်ကဉ္စနာ သက်တော် (၉၇)နှစ်။ 5-10-2023 (5:05) AM အချိန်တွင် တစ်ဘဝတာ ခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းသွားလေပြီ…. အရီး..” ဟု ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ကပ္ပိယတစ်ဦးဖြစ်သည့် ကိုချမ်းမြေ့အောင်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာထက်တွင် ရေးသားထားသည်။
ဆရာကြီး ဒေါ်ကဉ္စနကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင် ဖခမည်းတော် ဦးစံလှ၊ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာတွင် ဖွားမြင်ပြီး မွေးချင်း ၁၂ ယောက်အနက် လေးယောက်မြောက်ဖြစ်ကာ မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ် နယုန်လဆန်း ၈ ရက် အသက် ၁၄ နှစ်အရွယ်က စစ်ကိုင်းတောင်ရိုး ဝိပဿနာ ဂန္ဓာရုံချောင် ပဌမဝိဿနာဆရာတော် အရှင်ဣန္ဒာဘသထံ သီလရှင်အဖြစ်ခံယူပြီး ဘွဲ့အမည်မှာ မကုသလဟု မှည့်ခဲ့သော်လည်း နောက်ပိုင်းတွင် မကဉ္ဇာနာဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။