၅. ၁၀. ၂၀၂၃
Written by Nay Moe
ရန်ကုန်၊ အုတ်ဖို၊ နွားထိုးကြီးနှင့် မြဝတီမြို့နယ်တို့တွင် လေးလောင်းပြိုင်သတ်ဖြတ်ခံရမှုအပါအဝင် ပြည်သူ ၇ ဦးကို PDF များက ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များမှာ အောက်တိုဘာ ၂ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းကျေးရွာနေ ဦးအောင်ဝင်း(၅၅)နှစ်သည် အုတ်ဖိုမြို့သို့ တစ်ဦးတည်း စက်ဘီးဖြင့်သွားစဉ် ကျောက်ပုံကျေးရွာနှင့် ကြယ်နီကုန်းကျေးရွာကြားအရောက် မြေနီလမ်းပေါ်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပါလာသည့် PDF ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ဝင်းတွင် ဦးခေါင်း၊ မျက်နှာနှင့် ဝဲလက်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ၄ ဦးအား PDF ၂၀ ဦးခန့်က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆူးရစ်ကုန်းကျေးရွာနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေကျီး (၅၀) နှစ်၏နေအိမ်ခြံဝင်းအတွင်း၌ ဦးရွှေကျီးနှင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးမောင်တင် (၆၇)နှစ်၊ ဦးတင်ရွှေ(၅၈)နှစ်၊ ဦးကျော်မျိုးအောင် (၃၄)နှစ်တို့ ၄ ဦးအား ဦးခေါင်း၊ ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် PDF ၂၀ ဦးခန့် (စိစစ်ဆဲ)တို့သည် ဆူးရစ်ကုန်းကျေးရွာအတွင်းသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးမောင်တင်၊ ဦးတင်ရွှေနှင့် ဦးကျော်မျိုးအောင်တို့အား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးလာကာ ဦးရွှေကျီး၏ နေအိမ်ခြံဝင်းအတွင်း၌ ဦးရွှေကျီးနှင့်အတူ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်နေ မြဝတီမြို့၊ ကမ္ဘောဇဘဏ်ခွဲ(၁)မှ မန်နေဂျာဖြစ်သူ ဦးတင်မောင်အေး(၄၃)နှစ်သည် ၎င်းအလုပ်လုပ်ကိုင်သည် ကမ္ဘောဇဘဏ်ခွဲ(၁)မှ နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့်ပြန်လာစဉ် အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၃)လမ်းထိပ်အရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်မောင်အေးတွင် ဝဲနားအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာပါးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်များအပြင် ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ် (၂)ရပ်ကွက် အနော်ရထာလမ်းနှင့် (၁၇)လမ်းထောင့်ရှိ “ဖက်တီးမ”ထမင်းကြော်ဆိုင်၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်၌ ထမင်းကြော်စားရန် ထိုင်နေသည့် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်နေ ဦးဉာဏ်လွင်အောင် (၃၆) နှစ်အား ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးကုသမှုခံယူနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် မနန်းဟွမ်မိုင်နှင့်အတူ “ဖက်တီးမ”ထမင်းကြော်ဆိုင်၌ ထမင်းကြော် စားရန် ထိုင်နေစဉ် PDF အမျိုးသားတစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုပစ်ခတ်မှုဖြစ်စဥ်ကို ကျုးလွန်သည်မှာ Urban Owl မြို့ပြပြောက်ကျား PDF အဖွဲ့ဖြစ်ပြီး ဦးဉာဏ်လွင်အောင်မှာ ခရိုနီပေါက်စဖြစ်ရန်ကြိုးစားနေသည်ဟု ဆိုကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။