MT News
written by Thettant
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျို့မြို့၌ ကျင်းပနေသော ၁၉ ကြိမ်မြောက်အာရှအားကစားပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပွဲ ဗိုလ်လုပွဲ၌၌ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို အနိုင်ရရှိပြီး နိုင်ငံ့အတွက် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့်အပေါ် နိုင်ငံတော်က ဒေါ်လာ ၁၀၀၀ ဆုချသည်ဟု ယနေ့ညတွင် ကြေညာသည်။
ဒေါ်လာ ၁၀၀၀ သည် ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းအရ ကျပ် ၂၁ သိန်းနှင့်ညီမျှပြီး ရွှေဆုရ၍ ဒေါ်လာ ၁၀၀၀ ချီးမြှင့်ခံရသော မြန်မာပိုက်ကျော်ခြင်းအသင်းတွင် သန့်ဇင်ဦး(ဘောစိ)၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး(အာထစ်)၊ ဇင်ကိုကို၊ အောင်ခန့်သူ(ဘားသက်)၊ ရှိန်းဝဏ္ဏဇော်(ရှိန်းလေး) တို့ပါဝင်ပြီး နည်းပြများမှာ ဦးအောင်ချိုမြင့်နှင့် ဦးအောင်မျိုးဆွေတို့ဖြစ်သည်။
ယမန်နေ့ကကျင်းပခဲ့သော ဆီမီးဖိုင်နယ်တွင် မြန်မာက ဂျပန်အသင်း၊ အင်ဒိုနီးရှားက ဖိလစ်ပိုင်ကိုအနိုင်ရကာ ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မြန်မာနိုင်ငံက အင်ဒိုနီးရှားကို ၂ ပွဲပြတ်အနိုင်ရကာ ရွှေဆုရယူပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် အင်ဒိုနီးရှားတို့က အုပ်စုအဆင့်တွင်လည်း တွေ့ဆုံကစားခဲ့ကြရာ အင်ဒိုနီးရှားက ၂၂-၂၀၊ ၂၁-၁၉ ဖြင့် အနိုင်ရရှိသွားခဲ့သည်။ ဗိုလ်လုပွဲတွင် ထပ်မံတွေ့ဆုံကြရာ မြန်မာအသင်းက ပြန်လည်လက်စားချေနိုင်ခဲ့ခြင်းဖြစ်ကာ ပထမပွဲတွင် မြန်မာ ၂၁၊ အင်ဒို ၁၃ ဖြင့် အနိုင်ရ၍ ဒုတိယပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ရကာ မြန်မာအသင်းက ၂၄၊ ၂၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ပုံစာ။ ရွှေဆုရရှိခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအဖွဲ့မြင်ကွင်း(Photo- Credit)