သေဆုံးသူ မြန်မာအမျိုးသမီးအတွက် ဘတ်နှစ်သိန်းလျော်ကြေးပေးမည်ဟု ဆို
၅. ၁၀. ၂၀၂၃
ထိုင်းအစိုးရအနေဖြင့် အောက်တိုဘာ ၃ ရက် ညနေပိုင်းက ဘန်ကောက်မြို့ရှိ ရှော့ပင်းမောတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သည့် မြန်မာနိုင်ငံသား နှင့်တရုတ်နိုင်ငံသားတို့ကို လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အသက် ၁၄ နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် ဘန်ကောက်မြို့ရှိ Siam Paragon ရှော့ပင်းမောတွင် အောက်တိုဘာ ၃ ရက်နေ့က ပစ်ခတ်မှုကျူးလွန်ခဲ့ရာ မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသားသုံးဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုအတွင်းသေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် ရှော့ပင်းမောတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မမိုးမြင့်ဆိုသူဖြစ်ကြောင်း၊ ခွဲစိတ်စစ်ဆေးမှုရလဒ်များအရ မမိုးမြင့်သည် အဆုတ်နှင့် နှလုံးတို့ကို ကျည်ဆံဖောက်ဝင်သွားသည့်အတွက် ထိုင်းရဲဆေးရုံတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol သည် မြန်မာအမျိုးသမီးအတွက် ခေါင်းတ လားဝယ်ယူရန် ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုင်းတရားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Sakolphat Kijdamrongsak ကလည်း ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် သေဆုံးသွားသူနှစ်ဦးအနက်တစ်ဦးကို ထိုင်းဘတ် ၂ သိန်းစီ လျော်ကြေးအဖြစ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
သေဆုံးသွားသော မြန်မာအမျိုးသမီး၏ဆွေမျိုးများနှင့် တရုတ်နိုင်ငံသား၏ဆွေမျိုးတို့သည် အောက်တိုဘာ ၄ ရက်နေ့တွင် သေဆုံးနေသည့် ရုပ်အလောင်းများကိုကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။ မမိုးမြင့်သည် ထိုင်း၊ အင်္ဂလိပ်စာနှင့် တရုတ်ဘာသာစကားများကို ကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်ရာ ထိုင်းနိုင်ငံတွင် လစာကောင်း ကောင်းဖြင့် အလုပ်လုပ်နေသူဖြစ်ကာ မြန်မာနိုင်ငံရှိမိဘများထံတစ်လကို ထိုင်းဘတ် တစ်သောင်း လတိုင်းပေးပို့နေသူဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
Ref; nationthailand