၅. ၁၀. ၂၀၂၃
Written by Tha Doe
အသက်မပြည့်သေးတဲ့ လူငယ်လေးဦးက ကျောက်မြောင်း 1 Stop Mart ကို ဓားပြဝင်တိုက်ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်တွေကို လည်ပင်းဓားထောက် လွတ်မြောက်ဖို့ကြိုးပမ်းပေမဲ့ သုံးဦးဖမ်းဆီးခံရတဲ့ဖြစ်စဥ် အောက်တိုဘာ ၄ ရက် ညနေစောင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ သြဘာလမ်းနဲ့ ဒဂုံသီရိလမ်းထောင့်က 1 Stop Mart ကို အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်မှာ ဓားကိုင်ထားတဲ့ လူငယ်လေးယောက်က ဝင်ရောက်လုယက်တာပါ။
ဒီလို လုယက်နေတာကို 1 Stop Mart Control Center က ရဲစခန်းဆီ ဖုန်းဆက်အကြောင်းကြားတာကြောင့် လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန်မှာ ဆိုင်ဝန်ထမ်းအမျိုးသမီးတွေကို လည်ပင်းဓားထောက်ဓားစာခံပြုလုပ်ပြီး လွတ်မြောက်ဖို့ ဆိုင်ပြင်ထွက်လာလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူတချို့က သတ်ပုတ်ဖမ်းဆီးရာမှာ သုံးဦးဖမ်းမိခဲ့တာပါ။ ဖမ်းဆီးရမိသူတွေက သီဟဝင်း (၁၅ နှစ်)၊ ကောင်းခန့်ဖြိုး (၁၅ နှစ်)နဲ့ လမင်းအောင် (၁၅ နှစ်) တို့ သုံးဦးဖြစ်ပြီး တစ်ဦးကထွက်ပြေးလွတ် မြောက်သွားတာပါ။
“အဲဒီအချိန်က ရပ်ကွက်ထဲ ရုံးသွားရုံးပြန်ရော၊ ညနေပိုင်းဖြစ်တာရောကြောင့် လူစည်တဲ့အချိန်။ အဲဒီအချိန်မှာ ဓားပြတိုက်တော့ လူတွေဝိုင်းနေတာပေါ့။ ဆိုင်က ဝင်ပေါက်ထွက်ပေါက်ကလည်း တစ်ပေါက်တည်းဆိုတော့ သူတို့ဓားပြတိုက်နေတာကို လူတွေဝိုင်းကြည့်နေတော့ ဆိုင်ကအရောင်းစာရေးကောင်မလေးတွေ ဓားထောက်ပြီး လွတ်ဖို့ကြိုးပမ်းတာ။ အဲဒီမှာ သုံးယောက်ဖမ်းမိတာ။ ရပ်ကွက်က ကူဖမ်းတာလည်းပါတယ်။ တစ်ယောက်ကတော့ လွတ်သွားတယ်။ ဆိုင်ကကောင်မလေးတွေလည်း ထိခိုက်တာတော့ မတွေ့မိဘူး” လို့ ကျောက်မြောင်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
ဖမ်းဆီးခံရသူ လူငယ်သုံးဦးဟာ တာမွေမြို့နယ်မှာ နေတဲ့သူတွေဖြစ်တယ်လို့ သိရပြီး သူတို့ဆီက ဓားရှည်တစ်ချောင်းနဲ့ ဓား မြှောင်နှစ်ချောင်း ဖမ်းမိတယ်လို့ သိရသလို လက်ရှိမှာတော့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပုံစာ။ ကျောက်မြောင်း 1 Stop Mart ကို ဓားပြတိုက်မှုမြင်ကွင်း(Photo- U Min)