MT News
Translated by Htwe Ko Tun
အမေရိကန်နှင့် ဗြိတိန်တို့၏ ရေအောက်သွားယာဥ်များကို တိုက်ခိုက်ရန်ပြုလုပ်ထားသော ထောင်ချောက်တစ်ခုကို တရုတ်နိုင်ငံ ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော 093-417 က ဝင်ရောက်တိုက်မိရာမှ မတော်တဆမှုတစ်ရပ်ဖြစ်ခဲ့ရာတွင် တရုတ်သင်္ဘောသား ၅၅ ဦးစလုံး သေဆုံးဖွယ်ရှိကြောင်း ရေးသားထားသည့် ဗြိတိန်၏လျှို့ဝှက်အစီရင်ခံစာတစ်ခုကို ကိုးကားကာ မီဒီယာများက အောက်တိုဘာ ၃ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။
ဖြစ်ရပ်တွင် ထိုသို့တိုက်မိရာမှ ရေငုပ်သင်္ဘောပေါ်တွင်ပါသောစနစ်တစ်ခု ပျက်စီးကာ အောက်ဆီဂျင်ထောက်ပံမှုစနစ်များ ချွတ်ယွင်းမှုကြောင့် သင်္ဘောသား ၅၅ ဦးစလုံး သေဆုံးဖွယ်ရှိကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။
တရုတ်ရေတပ်မှ ရေငုပ်သင်္ဘော 093-417 ၏ ရေယာဥ်မှူး ဗိုလ်မှူးကြီးမှာလည်း ရေယာဥ်ပေါ်တွင်ပါရှိသော အခြားအရာရှိ ၂၁ ဦးနှင့်အတူ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း၊ ၎င်းက ပင်လယ်ဝါရေပြင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။
တရုတ်အစိုးရကမူ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သည့်နေရာအတိအကျကို ပြောကြားရန် တရားဝင်ငြင်းဆိုခဲ့သည့်အပြင် ထောင် ချောက်အတွင်းမိနေသော ရေငုပ်သင်္ဘောအတွက် နိုင်ငံတကာအကူအညီကိုလည်း ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
ဗြိတိန်၏ လျှို့ဝှက်အစီရင်ခံစာတွင် ပင်လယ်ဝါအတွင်း တာဝန်တစ်ရပ်အရထွက်ခွာလာစဥ် အဆိုပါရေငုပ်သင်္ဘောပေါ်၌ ထို သို့ဖြစ်ပွားခဲ့ခြင်းဟု သြဂုတ် ၂၁ ရက်ကရရှိသော ထောက်လှမ်းရေးသတင်းများကဆိုသည်ဟု ဖော်ပြခဲ့သည်။
အဆိုပါ 093 ပုံစံ ရေငုပ်သင်္ဘောများက တရုတ်ရေတပ်၏ ခေတ်အမီဆုံး ရေငုပ်သဘော်အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းက ၃၅၁ ပေရှည်ကာ တော်ပီဒိုများလည်း တပ်ဆင်ထားပြီး ဆူညံသံလွှတ်ထုတ်မှုလည်းနည်းပါးသည်။ ထိုဖြစ်ရပ်က ရှန်ဒုံပြည်နယ် ကမ်းရိုးတန်းရေပြင်တွင်ဖြစ်ခဲ့ခြင်းဟုလည်း အစီရင်ခံစာတွင် ယူဆဖော်ပြခဲ့သည်။
သို့ရာတွင် တရုတ်အစိုးရကမူ ထိုရေငုပ်သင်္ဘောဖြစ်ရပ်ကို အတည်မပြုသေးဘဲ မှားယွင်းကြောင်းသာ ပြောခဲ့သည်။
Ref—The Mirror