၄.၁၀.၂၀၂၃
Written by Peya
ရတနာပုံ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းကြီး နတ်ပြည်စံသက် ၁၄၅ နှစ်မြောက်အဖြစ် မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ပထမဆုံးအကြိမ်အဖြစ် ဓမ္မသဘင် ကျင်းပခွင့်ပြုရန် တင်ပြမည်ဖြစ်ကြောင်း ကုန်းဘောင်ဆက် မောင်နှမများမှ အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ်တင်အောင်က MT News သတင်းဌာနသို့ ပြောသည်။
ယခုနှစ် ပြုလုပ်မည့် ကွယ်လွန်သူများကိုရည်စူးသော မတကဘတ် ဆွမ်းကပ်လှူရာတွင် အကြိုနေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်၌ မင်းတုန်းမင်းတရားကြီးနှင့် ဆွေတော်မျိုးတော်များကို ပင့်ဖိတ်မည်ဖြစ်ကာ ညပိုင်းတွင် မင်းတုန်းမင်းကြီး၏ အုတ်နန်းပြသာဒ်၌ ဆီမီးပူဇော်မည်ဖြစ်ကြောင်း သိရသည်။
“အောက်တိုဘာ ၂၀ မှာတော့ ဓမ္မကာရာမ ရွှေကျင်တိုက်မကြီးမှာ ကျောင်းမှာရှိတဲ့ သံဃာကုန် နေ့ဆွမ်းကပ်မယ်။ ပြီးရင် ပင့်သံဃာ ၁၁ ပါးဖြစ်တဲ့ လေးပြင်လေးရပ်က ဆရာတော်ကြီးတွေကို လှူဖွယ် ဆပ်ကပ်မယ်။ ဆရာတော်ကြီးတွေကို မပင့်ဖိတ်တော့ဘဲ ပွဲပြီးတော့မှပဲ ဆရာတော်တွေကို သင်္ဃန်းကပ်မယ်” ဟု ကိုထိပ်တင်အောင်က ဆိုသည်။
ဓမ္မသဘင်ကို မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ပြုလုပ်ရန် ရည်မှန်းထားခြင်းဖြစ်ကာ ရေစက်ချတရားဟော၍ ကွယ်လွန်သူကို ရည်မှန်းပြီး ကုသိုလ်ပြုရာတွင် ရည်မှန်းပြီး ကုသိုလ်မျိုးစုံပြုပြီးနောက် တရားဓမ္မအားဖြင့် ကျေးဇူးဆပ်သည့် အလုပ်ကို မလုပ်ဖြစ်သေးသောကြောင့် လုပ်ဆောင်ရန်ကြိုးပမ်းခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“တရားပွဲ သဘောမျိုး၊ ဓမ္မသဘင်သဘောမျိုးတော့ မလုပ်ခဲ့ဖူးသေးဘူးပေါ့။ ဒါ့အတွက် ရည်မှန်းတာပါ။ ခေတ်ကာလအရ အခမ်းအနားကြီးထက်စာရင် ဒါလေးက ကျင်းပလို့လည်း တနိုင်လေး ဖြစ်မလားပေါ့။ အပြင်မှာ ရှိတဲ့ လူ၊ ပရိတ်သတ်ထက်စာရင် ရည်မှန်းထားတဲ့ နန်းတွင်းထဲမှာရှိတဲ့ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေအတွက် တရားပွဲ ကျင်းပပေးခြင်းနဲ့ ဘဝကူးအတွက် အထောက်အပံ့တစ်ခုခု ဖြစ်နိုင်လား ဒီမျှော်လင့်ချက်နဲ့ လုပ်တာပါ။ လုပ်ဖြစ်ရင်တော့ ပထမဆုံး ဖြစ်မှာပါ။ အောက်တိုဘာ ၂၀ ရက် လုပ်ဖို့တော့ မှန်ပါတယ်။ ဝန်ကြီးချုပ်ကြီးကော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကော ခွင့်ပြုချက်တင်မှာပါ” ဟု ကိုထိပ်တင်အောင်က ဆိုသည်။