၄. ၁၀. ၂၀၂၃
Written by Ye Kyaw
ယခုဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ဒေါ်လာသုံးဘီလျံကျော် ပိုမိုရရှိမည်ဟု ခန့်မှန်းထားကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာ၌ မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနှင့် ပြည်ပနိုင်ငံများမှ သွင်းကုန်ပမာဏ ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိရှိမည်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်မူ ပို့ကုန်ပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၃ ဘီလျံ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံသာ ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်ထက် ပို့ကုန်ပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်ပမာဏ ဒေါ်လာ ၂ ဘီလျံ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာသုံးဘီလျံ ပိုမိုရရှိနိုင်မည်ဟု ခန့်မှန်ထားသည်။
ယခင်နှစ်တွင် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ဖြစ်ပေါ်မည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုနှစ်တွင် သွင်းကုန်တင်သွင်းမှု မြင့်တက်လာနိုင်သဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၅၀၀ သာဖြစ်ပေါ်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခြောက်လအတွင်း (ဘဏ္ဍာနှစ်ဝက်ကုန်ဆုံးချိန်)တွင် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၇ ဒသမ ၃ ဘီလျံကျော်နှင့် သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၈ ဒသမ ၂၃ ဘီလျံ စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၄၃၇ ဘီလျံရရှိထားသည်။ ပို့ကုန်တင်ပို့မှု လျော့နည်းနေသေးသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၃၀ ကျော်ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံသာ ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ရရှိခဲ့သောကြောင့် ခန့်မှန်းပမာဏထက် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော် ပိုမိုရရှိခဲ့သည်။