၄.၁၀.၂၀၂၃.
Translated by Htwe Ko Tun
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သည့် ကီဗင်မက်ကာသီအား အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ ရပ်ဆိုင်းကြောင်း အောက်လွှတ်တော်၌ အောက်တိုဘာ ၃ ရက်တွင် မဲပေးဆုံးဖြတ်မှုပြုခဲ့ကြရာ အမေရိကန်နိုင်ငံသမိုင်းတွင် ဤသို့အောက် လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအား မဲပေးဆုံးဖြတ်၍ ထုတ်ပယ်မှုက ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ ရီပတ်ဘလစ်ကန်ပါတီမှ မက်ကာသီက ရီပတ်ဘလစ်ကန်အမတ်များအများစုကြီးစိုးသည့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံလိုက်ရခြင်းက အောက်လွှတ်တော်ရီပတ်ဘလစ်ကန်အမတ်များအတွင်း ထိန်းမနိုင်သိမ်းမရ ဝရုန်း သုန်းကား အခြေအနေကို ပို၍ဖြစ်လာစေနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
တဖန် မက်ကာသီအား မဲပေးဆုံးဖြတ်ကာ ထုတ်ပယ်ခြင်းနှင့် ၎င်းကိုယ်တိုင်က အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ခြင်းမပြုဟု ဆုံးဖြတ်ခဲ့ခြင်းတို့က အောက်လွှတ်တော်၌ အချင်းချင်း ခွက်စောင်းခုတ်ကာ အကျပ်တွေ့နေကြသည့် ရီပတ်ဘလစ်ကန်အမတ်များအကြား တင်းမာမှုကို ထုတ်ဖော်ပြသကဲ့သို့လည်း ဖြစ်ခဲ့သည်။
မက်ကာသီအား အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားကြောင်းအဆိုကို အောက်လွှတ်တော်တွင် ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၀ မဲဖြင့် အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ ၎င်း၏နေရာကိုဆက်ခံမည့်သူကိုမူ ဆောင်ရွက်ဆဲဟုသိရသည်။
စက်တင်ဘာလကုန်တွင် အမေရိကန်အစိုးရ၏ လုပ်ငန်းယန္တရားများ ရပ်ဆိုင်းရလုဆဲဖြစ်နေမှုကို ရှောင်ရှားနိုင်ရန်အစိုးရအတွက် အသုံးစရိတ်ထောက်ပံ့မှုကို နိုဝင်ဘာလ ၁၇ ရက်အထိ တိုးမြှင့်သတ်မှတ်သည့် ဥပဒေကို အောက်လွှတ်တော်က အတည်ပြုနိုင်ရန် မက်ကာသီကဆောင်ရွက်ခဲ့ခြင်းအပေါ် ဒီမိုကရက်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဟု အောက်လွှတ်တော်မှ သဘောထားတင်းမာသော ရီပတ်ဘလစ်ကန်အမတ်များက မကျေနပ်ခဲ့ကြပေ။ ထို့ကြောင့်လည်း မတ်ဂိတ်ဇ် ခေါင်း ဆောင်သော ရီပတ်ဘလစ်ကန်အမတ်များက မက်ကာသီအားတာဝန်မှဖယ်ရှားရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဂျိုးဘိုင်ဒန် အစိုးရအနေဖြင့်လည်း ယူကရိန်းအား စစ်ရေးထောက်ပံ့ရန်အတွက် အောက်လွှတ်တော်မှ ခွင့်ပြုစေရေး နောက် ဆက်တွဲဥပဒေများ ဆောင်ရွက်ပေးရန် မျှော်လင့်ထားသည့် မက်ကာသီ တာဝန်မှထုတ်ပယ်ခံရမှုကြောင့် ယူကရိန်းအား အကူအညီထပ်ပေးရေးတွင် အခက်အခဲတွေ့သွားရမည်ဟု ယူဆရသည်။
Ref— CNN