၄.၁၀.၂၀၂၃
written by KL
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းမကြီး မဝတလမ်းဆုံအနီးတွင် ယနေ့နံနက်အစောပိုင်းက YBS 112 ယာဥ်နှင့် ကိုယ်ပိုင်ယာဥ်တစ်စီးတိုက်မိရာ လူ၂ ဦး သေဆုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုရေးအဖွဲ့အစည်းများထံမှသိရသည်။
အဆိုပါ ယာဥ်တိုက်မှုမှာ အောက်တိုဘာ ၄ ရက် နံနက်၂ နာရီခန့် မနက်အစောပိုင်း၌ ယာဥ်အသွားအလာနည်းချိန်တွင် အရှိန်လွန်မောင်းနှင်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဥ်တိုက်မှုကြောင့် ကိုယ်ပိုင်ယာဥ်ပေါ်မှ အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့သဖြင့် ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအဖွဲ့ ၄ ဖွဲ့က သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် ရှင်သန်ရေး လူမှူကူညီရေးအသင်းထံမှ သိရသည်။
“တစ်ယောက်ကတော့ ဖြစ်ဖြစ်ချင်းပဲ ဆုံးသွားတယ်။ ကျန်တစ်ယောက်ကတော့ ဆေးရုံပို့ရင်း လမ်းမှာဆုံးသွားတာ၊ ကိုယ်ပိုင်ကားလေးကတော့ အတော်ကို ပျက်စီးသွားတယ်”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ဓာတ်ပုံ-ရှင်သန်ရေးကူညီမှုအသင်း