၄. ၁၀. ၂၀၂၃
Written by Nay Aung
မြန်မာအစိုးရသည် နိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၉ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက်သတင်းများက ဖော်ပြထားသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးသည် အောက်တိုဘာ ၃ ရက်နေ့တွင် Teknaf နယ်စပ်ဒေသကို ဖြတ်သန်းပြီးနောက် မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP)တို့ကြား အလံတင်အစည်းအဝေး ပြု လုပ်ခဲ့ပြီးနောက် မကြာမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပြီးခဲ့သောနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် လပေါင်း ၁၈ လအကြာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၉ ဦးကို ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ပြန်လွှတ်ပေးခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနက် ၂၃ ဦးက ကော့ဘဇားဒေသမှဖြစ်ပြီး ကျန်ခြောက်ဦးက ဘန်ဒါဘန်ဒေသနှင့် ရမ်ဂါမာတီ ဒေသတို့မှဖြစ်ကြောင်း သိရသည်။ မြန်မာနယ်စပ်ခြားစောင့်တပ်ဖွဲ့သည် အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၂၉ ဦးကို မြန်မာပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းမှုများကြေင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md. Monwar Hossain သည် ပြီးခဲ့သော စက်တင်ဘာ ၂၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်လာရောက်တွေ့ဆုံချိန်ကလည်း မြန်မာအကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော ဘင်္ဂလားဒေရှ့်နိုင်ငံသားများကို စောစီးစွာပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။
မြန်မာအာဏာပိုင်များသည် အောက်တိုဘာ ၃ ရက်နေ့တွင် BGB နှင့် BGP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဟုအတည်ပြုပေးခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်ဘက်များမှ အတည်ပြုချက် လက်ခံရရှိခဲ့ပြီးနောက် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်ပို့ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ၊ ခရီးသွားခွင့်လက်မှတ်များကို ရရှိရန် အဓိကကြိုးပမ်းပေးခဲ့ကြောင်းသိရသည်။
Ref;dhakatribune