October 19, 2024

၄.၁၀.၂၀၂၃
Written By Thandar

ပရိသတ်တွေစိတ်ဝင်စားမှုများစွာခံနေရတဲ့ အေးချမ်းမောင်နဲ့ ပန်းရောင်ခြယ်တို့ရဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းက ယနေ့ အောက်တိုဘာ ၄ ရက် ည ၇ နာရီမှာ စတင် ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

သရုပ်ဆောင် အေးချမ်းမောင်နဲ့ ပန်းရောင်ခြယ်တို့ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားကြတဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲ က Singapore နိုင်ငံရဲ့ အာရှအနုပညာဖန်တီးမှု အကယ်ဒမီဆုချီးမြှင့်တဲ့ Asian Academy Creative Awards ရဲ့ Best Actor/Actress in Leading Role – National Winner ဆန်ကာတင်စာရင်း ပါဝင်တာလည်းဖြစ်ပါတယ်။

“ကျွန်တော်က ဒီဇာတ်ကားမှာ အချစ်ကြီးတာပဲပေါ့။ အချစ်ကြီးပေမယ့် နည်းနည်းသွေးအေးမယ့် ပုံစံမျိုးပေါက်တယ်။ သွေး အေးပေမယ့် နည်းနည်းမြှုပ်ထားတဲ့ ဇာတ်တွေလည်း ရှိပါတယ်။ ဒီဇာတ်လမ်းက အချစ်ဇာတ်လမ်းလေးရော၊ မှုခင်းပုံစံလည်း ပါသလို သည်းထိတ်ရင်ဖို ပုံစံလေးလည်း ပါတယ်။ ဒီဇာတ်ကားမှာက အကွက်ကျကျနဲ့ အချစ်ကြီးတဲ့ ပုံစံမျိုးလေး သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ သွေးအေးပြီး နည်းနည်းငြိမ်တဲ့ ပုံစံ။ သိပ်ကာရိုက်တာမတူပါဘူး။ ဒီဇာတ်ကားက ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ပထမဦးဆုံး အိမ်ထောင်သည် ကာရိုက်တာလို ပြောလို့ရပါတယ်။ ဒီဇာတ်ကား ဆန်ကာတင်စာရင်းဝင်တယ်ဆိုတဲ့ အသိအမှတ်ပြုမှုလေးတစ်ခု ရလို့လည်း ပီတိဖြစ်ရပါတယ်” လို့ သရုပ်ဆောင် အေးချမ်းမောင်က ပြောပါတယ်။

Mahar ရဲ့ Original Series တစ်ခုဖြစ်တဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကို အိမ်ထောင်သက်ငယ်စဉ်အချိန်က ပျောက်ချင်းမလှ ပျောက်သွားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်အိမ်တည်ထားပြီး ဇာတ်ညွှန်းကို ဆရာမထက်မြက်နိုင်ဇင်က ရေးသားထားတာဖြစ်ပါတယ်။ အချစ်၊ ဒရမ်မာ၊ တုန်လှုပ်ခြောက်ခြားမှု အစရှိတဲ့ ရသတွေပါဝင်တဲ့ ဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ပန်းရောင်ခြယ်၊ သဲနန္ဒာစိုး၊ ကျော်ထက်တို့နဲ့အတူ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။

အပိုင်း ၂၂ ပိုင်းပါဝင်တဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာ ၄ ရက်ကစပြီး တနင်္လာနေ့ကနေ သောကြာ နေ့အထိ ည ၇ နာရီမှာ Fortune TV ရုပ်သံလိုင်းက ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *