October 18, 2024

၄.၁၀.၂၀၂၃
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာ အသက် ၈၀ နှစ်အထက် ဇာတ်ညွှန်းပညာရှင်ကြီးကို ဇာတ် ညွှန်းအဖွဲ့သားတွေ စုပေါင်းကန်တော့ပွဲကို အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ဇာတ်ညွှန်းအလွှာက အသက် ၈၀ အထက် ဇာတ်ညွှန်းပညာရှင်တွေကို ကန်တော့ကြတာပါ။ ရုပ်ရှင်အစည်း အရုံးက ကန်တော့သူတွေကတော့ အသက် ၇၀ အထက်ရှိတဲ့သူတွေ အယောက် ၁၀၀ ကျော်ကို ကန်တော့ကြတာပါ။ ကိုယ့်အလွှာရှိတဲ့ ဇာတ်ညွှန်းဆရာတွေဆီက ပညာတွေရခဲ့တယ်ဆိုတာကို ဦးထိပ်ထားပြီး ကန်တော့တာပါ။ ဇာတ်ညွှန်းသမားတွေက ပိုက်ဆံမရှိပေမယ့် အချင်းချင်းအလှူငွေထည့်ကြတယ်။ တစ်ဦးနဲ့တစ်ဦး ကိုယ့်ထက်အသက်ကြီးသူတွေကို ဂါရဝတရားထားစေချင်လို့ ခုလိုကန်တော့ပွဲလုပ်ဖြစ်တာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုဥက္ကဋ္ဌဦးအေးကြူလေးက MTNews Entertainment ပြောပါတယ်။

အဆိုပါဇာတ်ညွှန်းအလွှာ ကန်တော့ကြဖို့အတွက် ဇာတ်ညွှန်းအလွှာက အလှူတွေကောက်ခံပြီး ကန်တော့ကြတာလည်း ဖြစ်ပါတယ်။ ဦးချစ်သန်းမြင့် အသက် ၉၄ နှစ်၊ ဦးစိမ်းနွယ် အသက် ၈၉ နှစ်၊ ဦးရွှေစင် အသက် ၈၇ နှစ်၊ ဦးစိုးပိုင် အသက် ၈၇ နှစ်၊ ဦးအေးထွန်း အသက် ၈၇ နှစ်၊ ဦးဘသက်ဆွေ အသက် ၈၄ နှစ်၊ ဦးကိုကိုနိုင် အသက် ၈၃ နှစ်ရှိ ဇာတ်ညွှန်းပညာရှင်ကြီးတွေကို တစ်ဦး ကျပ် ၁၅၀၀၀၀၊ မုန့်ပုံး၊ လုံချည်၊ တိုင်းရင်းဆေး စတဲ့လက်ဆောင်တွေ လှူဒါန်းခဲ့ပါတယ်။

ဇာတ်ညွှန်းအဖွဲ့သားတွေ စုပေါင်းကန်တော့ခြင်းကို ၂၀၁၉ ခုနှစ်က ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကန်တော့ပွဲကိုတော့ ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာလည်း မြန်မာ့ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *