October 19, 2024

၄. ၁၀. ၂၀၂၃
Written by Nyein Kyaw

တညင်းကုန်းလက်ကားဈေးကြီးအတွင်း ကုန်စိမ်းနှင့်ကုန်ခြောက်များ လက်ကားရောင်းချမည့် ဆိုင်ခန်းပေါင်း ၂,၀၀၀ ကျော်ပါဝင်သည့် ဈေးရုံအမှတ် (၅) နှင့် ဈေးရုံအမှတ် (၇) ဈေးရုံအသစ်နှစ်ခုကို လာမည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တညင်းကုန်းလက်ကားဈေးကြီး၊ လုပ်ငန်းရေးရာဌာနမှ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပြော သည်။

“ထပ်တိုးပြီးဖွင့်မယ့် ဈေးရုံတွေကတော့ ဈေးရုံအမှတ် (၅) ကုန်မျိုးစုံ၊ ကုန်ခြောက်ဈေးရုံဆိုပြီးတော့ ဆိုင်ခန်းပေါင်း ၆၀၀ ကျော်လောက်ပါတယ်။ နောက်တစ်ခုက ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်နဲ့ ကုန်မျိုးစုံကုန်ခြောက်ကို ရောဖွင့်ဖို့ရည်ရွယ်ထားပါတယ်။ အဲဒါကတော့ ဈေးရုံအမှတ် (၇)။ အဲဒီဈေးရုံကလည်း ဒီနှစ်အကုန်လောက်မှာ ဖွင့်ဖို့ လျာထားပါတယ်။ နောက်နှစ်မှာ ဖွင့်ဖို့လျာထားတဲ့ဈေးရုံတွေအနေနဲ့ ပြောပါဆိုရင် ဈေးရုံ နှစ်ရုံရှိပါတယ်။ အဲဒီနှစ်ရုံကနေ ဆိုင်ခန်းပေါင်း ၂,၀၀၀ ကျော်လောက်ပါပါမယ်ခင်ဗျ။ ဒီနှစ်အကုန် ၂၀၂၃ နှစ်နဲ့ ၂၀၂၄ အဆက် ၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါလအတွင်းမှာ ဖြစ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးရဲထွန်းက ပြောသည်။

ထပ်မံအသစ်ဖွင့်လှစ်မည့် ဈေးရုံအမှတ် (၅)တွင် ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ပါဝင်ပြီး ကုန်မျိုးစုံကုန်ခြောက်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး စသည်တို့ကို လက်ကားရောင်းချသွားမည်ဖြစ်သည်။ ဈေးရုံအမှတ် (၇)တွင် ရှမ်းကုန်များဖြစ်သည့် မုန်လာဥနီ၊ ငရုတ်ပွ၊ ရွှေပဲ၊ ဘိုပဲ၊ မုန်ညင်းထုပ်များ၊ ကုန်စိမ်းအမျိုးမျိုးရောင်းချမည့် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်နှင့် ကုန်ခြောက်ပစ္စည်းများ ရောင်းချမည့် ဆိုင်ခန်းပေါင်း ၈၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထပ်မံဖွင့်လှစ်မည့် ဈေးရုံအမှတ် (၅)နှင့် ဈေးရုံအမှတ် (၇) တို့၏ ဆိုင်ခန်းများ၏ ငှားရမ်းခဈေးနှုန်းများကိုမှု လက်ရှိတွင် မတွက်ချက်ရသေးဘဲ ဆိုင်ခန်းဖွဲ့စည်းပုံနှင့် ရောင်းချမည့် ကုန်ပစ္စည်းအမျိုးအစားများအပေါ်မူတည်၍ ဈေးနှုန်းများသတ်မှတ်ပြီးမှသာ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နောက်လာမယ့် ဈေးရုံတွေအတွက် ဈေးနှုန်းတွေကတော့ ဆိုင်ခန်းအချိုးအစား ဆိုင်ခန်းအရေအတွက် ရောင်းကုန်ပေါ်မှာ မူတည်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိအောင် ဖော်ပြပေးသွားပါမယ်” ဟု ဦးရဲထွန်းက ပြောသည်။

တညင်းကုန်းလက်ကားဈေးကြီးအတွင်း ဈေးရုံအမှတ် (၁)၊ ဈေးရုံအမှတ်(၂)၊ ဈေးရုံအမှတ် (၃)၊ ဈေးရုံအမှတ် (၄) စသည့်ဈေးရုံများမှ ဆိုင်ခန်းပေါင်း ၆,၅၀၀ ခန့် ဖွင့်လှစ်ထားပြီးဖြစ်သည်။ အဆိုပါဈေးရုံများအတွင် ဆိုင်ခန်းတစ်ခန်းငှားခများမှာ သစ်သီးဝလံအရောင်းဆိုင် ကျပ် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ကြား၊ လက်လီအရောင်းဆိုင် ကျပ် ၅၀,၀၀၀ ဝန်းကျင်၊ ကုန်မျိုးစုံကုန်ခြောက်ဆိုင်ခန်း ကျပ် ၈၀,၀၀၀ ဝန်းကျင်၊ ရာသီပေါ်သီးနှံနှင့် သားငါးဈေးဆိုင်ခန်း ကျပ် ၆၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *