၄.၁၀.၂၀၂၃
written by Thettant
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျို့မြို့၌ ကျင်းပနေသော ၁၉ ကြိမ်မြောက်အာရှအားကစားပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပွဲ ဗိုလ်လုပွဲ၌၌ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
ယမန်နေ့ကကျင်းပခဲ့သော ဆီမီးဖိုင်နယ်တွင် မြန်မာက ဂျပန်အသင်း၊ အင်ဒိုနီးရှားက ဖိလစ်ပိုင်ကိုအနိုင်ရကာ ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် အင်ဒိုနီးရှားတို့က အုပ်စုအဆင့်တွင်လည်း တွေ့ဆုံကစားခဲ့ကြရာ အင်ဒိုနီးရှားက ၂၂-၂၀၊ ၂၁-၁၉ ဖြင့် အနိုင်ရရှိသွားခဲ့ရာ ဗိုလ်လုပွဲတွင် ထပ်မံတွေ့ဆုံကြခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် မြန်မာအသင်းက ပြန်လည်လက်စားချေနိုင်ခဲ့ခြင်းဖြစ်ကာ ပထမပွဲတွင် မြန်မာ ၂၁၊ အင်ဒို ၁၃ ဖြင့်အနိုင်ရ၍ ဒုတိယပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ရကာ မြန်မာအသင်းက ၂၄၊ ၂၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
၁၉ ကြိမ်မြောက်အာရှအားကစားပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲပွဲတွင် နိုင်ငံကိုးနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။