October 22, 2024

၁၀. ၁၁. ၂၀၂၂

Written by Pan Ei

Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ Elon Musk ဝယ်ယူပြီးနောက်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်း သုံးစွဲသူတချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် Twitter သုံးစွဲသူအချို့က တခြားလူမှုကွန်ရက် ပလက်ဖောင်းတွေကို စတင်ပြောင်းသုံးစွဲလာကြတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ Twitter သုံးစွဲသူတွေဟာ Mastodon ကို ပြောင်းလဲသုံးစွဲလာကြတာကြောင့် မြန်မာနိုင်ငံမှာလည်း Twitter အစား အသုံးပြုနိုင်တဲ့ အခြားရွေးချယ်စရာ လူမှုကွန်ရက်ပလက်ဖောင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

MASTODON

Twitter အစား ပြောင်းလဲသုံးစွဲသူအများစုက မာစတာဒွန် (Mastodon) ကို ရွေးချယ်သုံးစွဲလာကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Mastodon ဟာ Twitter နဲ့ အသွင်အပြင်အတော်များများ ဆင်တူပြီး ဗဟိုထိန်းချုပ်မှုမရှိတဲ့ လူမှုကွန်ရက်တစ်ခုပါ။

Mastodon ရဲ့ မတူညီတဲ့ ဆာဗာတွေက ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကပိုင်တွေဖြစ်တာကြောင့် တစ်ဦးတစ်ယောက်တည်းပိုင်အဖြစ် ဝယ်ယူထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင်ကြော်ငြာမပါဝင်ဘဲ စာလုံးရေ ၅၀၀ ကန့်သတ် ချက်အပြင် စိတ်ကြိုက်အသုံးပြုနိုင်သော အီမိုဂျီတွေ ပါရှိပါတယ်။

Mastodon ကို ပုံမှန်လစဉ်အသုံးပြုသူ တစ်သန်းကျော်ရှိပြီး အောက်တိုဘာ ၂၇ ရက်မှစလို့ သုံးစွဲသူ တစ်သန်းခွဲနီးပါး ထပ်တိုးခဲ့တယ်လို့ အမှုဆောင်အရာရှိချုပ် Eugen Rochko က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

……..

COHOST

Cohost ဟာလည်း ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုပါ။ သူ့ ပလက်ဖောင်းပေါ်တင်ထားတဲ့ ပို့စ်တွေဟာ Timeline မှာဆိုရင် Twitter လို ဒေါင်လိုက်သွားတဲ့ အနေအထားရှိပါတယ်။

ကုမ္ပဏီဘက်က​တော့ “တစ်လကို ငွေအနည်းငယ်” ကောက်ခံမယ်လို့ ပြောလာခဲ့ပြီး မကြာခင်မှာ အကြံဥာဏ်တောင်းခံရယူကာ နှစ်စဉ်ကြေးတွေနဲ့ ရောင်းချမယ်လို့ ပြောလာပါတယ်။

…….

TRUTH SOCIAL

အမေရိကန်သမ္မတဟောင်း Donald Trump တည်ထောင်ထားတဲ့ Truth Social ကတော့ ရှေးရိုးစွဲဝါဒီတွေကို မျက်နှာသာပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပြီး မကြာသေးမီက Apple ရဲ့ iOS နဲ့ Google ပိုင် Android တို့မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ Truth Social ကတော့ အမေရိကန်ပြည်ထောင်စုက သုံးစွဲသူ တွေအတွက်ပဲ ရရှိနိုင်ပါသေးတယ်။

………

TRIBEL SOCIAL

Tribel Socialကို Apple ရဲ့ App Store နဲ့ Android တို့မှာ ရရှိနိုင်ပါတယ်။ ဒီ ပလက်ဖောင်းကို အသုံးပြုသူတွေက ပို့စ်တွေရဲ့ ကြည့်ရှူသူကို ရွေးချယ်ခွင့်ရှိပြီး အသုံးပြုသူတွေ ဆွေးနွေးလိုတဲ့အကြောင်းအရာတွေအတွက် ကျွမ်းကျင်သူတွေကိုလည်း ရှာဖွေနိုင်တယ်လို့ သိရပါတယ်။

……..

PARLER

Nashville အခြေစိုက် Parler ဟာ အရင်က Kanye West လို့ လူသိများတဲ့ ရက်ပ်အဆိုတော်ထံကို ရောင်းချဖို့သဘောတူထားတဲ့အတွက် အမေရိကန်နိုင်ငံ​ရဲ့ ရှေးဆန်သူများကြား ရေပန်းစားလာနေပါတယ်။

၂၀၁၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Parler ဟာ သုံးစွဲသူတွေ သဘာကျစေမဲ့ အကြောင်းအရာတွေနဲ့ သင့်တော်အောင်ချဉ်းကပ်လာတာကြောင့် Meta Platform ရဲ့ Facebook နဲ့ Twitter တို့ရဲ့ မူဝါဒတွေကို သဘောမတူတဲ့ သုံးစွဲသူတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

……..

TUMBLR

Tumblr ကတော့ အသုံးပြုသူတွေကို ဓာတ်ပုံတွေနဲ့ GIFs တွေလို မီဒီယာအစိတ်အပိုင်းတွေကို ရှည်လျားတဲ့ ဘလော့ဂ်ပုံစံ အကြောင်းအရာတွေကိုပါ ပို့စ်တင်ခွင့်ပြုတဲ့ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ လူမှုမီဒီယာဝက်ဘ်ဆိုက်တစ်ခုပါ။

Twitter ရဲ့ တိုက်ရိုက်စာတိုပေးပို့တဲ့ လုပ်ဆောင်ချက်လို အသုံးပြုသူအချင်းချင်းကြား စကားပြောဆိုဖို့လည်း ခွင့်ပြုပေးထားပါတယ်။

……..

CLUBHOUSE

Clubhouse ဟာ အသံနဲ့ တိုက်ရိုက်စကားပြောတာတွေကို ပြုလုပ်နိုင်ပြီး ဒီပလပ်ဖောင်းကတော့ Covid- 19 ရောဂါကြောင့် လူတွေ အိမ်မှာနေရချိန်မှာ ရေပန်းစားလာခဲ့တာပါ။

Clubhouse Application မှာ သုံးစွဲသူတွေဟာ “Rooms” လို့ ခေါ်တဲ့ အသံစကားပြောခန်းတွေ ပြုလုပ်ပြီး ကမ္ဘာတစ်ဝှမ်းကလူတွေနဲ့ စကားပြောနိုင်သလို စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *