MT News
Written By Thandar
မြန်မာနိုင်ငံမှာ ပထမဦးဆုံးပြုလုပ်တဲ့ ဆုကြေးငွေ ကျပ် ၄၅ သိန်း ရရှိမဲ့ “So” ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆို “တေး သီချင်းပြိုင်ပွဲကြီး”Grand Top Finalist စာရင်းဝင် ၁၂ ဦး စာနယ်ဇင်းမိတ်ဆက်ပွဲကို အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
“ဒီပြိုင်ပွဲက ဂီတလောကမှာ တေးရေးနဲ့တေးဆို ဂီတမျိုးဆက်သစ်တွေပေါ်ထွန်းလာစေဖို့ မြေတောင်မြှောက်ပေးဖို့ ရည်ရွယ်ထားတယ်။ တေးရေးပြိုင်ပွဲဆိုတာ ရှားပါတယ်။ ဒီပြိုင်ပွဲရဲ့ထူးခြားချက်အနေနဲ့ အသက်အရွယ်ကန့်သတ်ချက် မရှိဘဲ တေးရေးပြိုင်ပွဲနဲ့ တေးဆိုပြိုင်ပွဲကို တစ်ပြိုင်တည်း မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ ဂီတပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်”လို့ ရွှေသံလွင် မီဒီယာက တာဝန်ရှိသူ ဒေါ်နန်းမောက်လောဝ်ဆိုင်က ပြောပါတယ်။
အဆိုပါ မိတ်ဆက်ပွဲမှာ တေးရေးတေးဆိုပြိုင်ပွဲဝင်တွေ ရေးသားသီဆိုထားကြတဲ့ “တွဲလက်မဖြုတ်ကြေး ” Group Song တေးသီချင်းကို မိတ်ဆက်ခဲ့ပါတယ်။ တေးရေးပြိုင်ပွဲအတွက်ရွေးချယ်ထားတဲ့ တေးရေးပြိုင်ပွဲဝင် ၆ ဦးဖြစ်တဲ့ထည်ဝါ၊ အားဖုန်၊ ပင်လယ်အေး၊ သော်ဇင်လတ်၊ မှုန်ကြီးနဲ့ ဉာဏ်လင်းထွဋ်တို့အပြင် တေးဆိုပြိုင်ပွဲအတွက် တေးဆိုပြိုင်ပွဲဝင် ၆ဦး ဖြစ်တဲ့ မောင်သု၊ ဘွဲ၊ Anoni Mous၊ ဉာဏ်လင်းထက်၊ Moana နဲ့ ပုလဲဖြူစင်ဖွေးတို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။
So ပြိုင်ပွဲမှာ Judge အနေနဲ့ တေးရေးဆရာ မြင့်မိုးအောင်၊ အဆိုတော် ချောစုခင်၊ တေးရေး တေးဆို ဝေကြီး၊ ဂီတမှူး မောင်မောင်လွင် စသူတွေ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး Host အနေနဲ့ အောင်ပြည့်ဖြိုးက တင်ဆက်ပေးမှာပါ။
ဒီပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်က ပထမ Audition စတင်ခဲ့ပြီး အရေးပြိုင်ပွဲဝင် ၅၀ ဦးနဲ့ အဆိုပြိုင်ပွဲဝင် ၅၀ ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ ပထမအဆင့်ပြိုင်ပွဲတွေ ကျင်းပပြီး အရေးပြိုင်ပွဲဝင် ၂၀ ဦး အဆိုပြိုင်ပွဲဝင် ၂၁ ဦး ထွက်ပေါ်လာကာ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့်ဆင့်ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
တေးရေး ၆ ဦးနဲ့ တေးဆို ၆ ဦးတို့က Grand Final ယှဉ်ပြိုင်ပြီး အနိုင်ရရှိသူတွေကို ဆုချီးမြှင့်မှုပုံစံအနေနဲ့ Grand Final Winner (Songwriter) တေးရေးအတွက် ပထမဆုကို ငွေကျပ် ၄၅ သိန်း၊ Grand Final Winner (Singer)တေးဆိုအတွက် ပထမဆုကို ငွေကျပ် ၄၅ သိန်းအပြင် အခြား ဆုကြီးများစွာပေးအပ်သွားမယ်လို့ သိရပါတယ်။
SO ကိုယ်ပိုင် သံစဉ် တေးရေး၊ တေးဆို တေးသီချင်းပြိုင်ပွဲကြီးရဲ့ Grand Final ပွဲကြီးကို လာမယ့် အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၆ နာရီက စတင်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းရှိ Hazagon Studio မှာ ကျင်းပကာ Channel 9 နဲ့ Sky Net Music Channel တို့က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။