၃. ၁၀. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေး အမြဲတံခါးဖွင့်ထားကြောင်းနှင့် ဥပဒေနှင့်အညီ လွှတ် တော်မှတစ်ဆင့် ရပိုင်ခွင့်များကို တောင်းဆိုနိုင်သည့် အခွင့်အရေးရရှိရန် နည်းလမ်းကောင်းများကိုလည်း ဖိတ်ခေါ်၍ ရှင်း လင်းဆွေးနွေးပေးလျက်ရှိကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့စစ်တက္ကသိုလ်ရှိ နည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးစီးဦးဆောင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် လိုအပ်ကြောင်း၊ မှန်ကန်မျှတစေရေး အခြေခံကျသည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် IT နည်းပညာအသုံးပြု၍ စိစစ်ဆောင်ရွက်လျက်ရှိခြင်းနှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် အကြိုကာလအဖြစ် ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက်အခမ်း အနားသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ အကုန်တက်နိုင်ရန်လိုအပ်ပြီး လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးလိုချင်ပါက တက်ရောက်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။