MT News
Written by Nay Aung
ထိုင်းနိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ PTTEP သည် မြန်မာနိုင်ငံ၏ဓာတ်ငွေ့လုပ်ကွက်နှစ်ခုတွင် ပါဝင်လုပ်ကိုင်နေမှုများကို ထပ်မံသက်တမ်းတိုးသွားဖွယ်ရှိနေကြောင်း PTTEP ကုမ္ပဏီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် PTTEP ၏ ဓာတ်ငွေ့လုပ်ကွက်နှစ်ခုအနက် တစ်ခုက၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အခြားတစ်ခုက နောက်ထပ်နှစ် ၂၀ကျော်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ PTTEPအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိနေသည့် ဓာတ်ငွေ့လုပ်ကွက်များမှ ဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းကို နောက်ထပ် ၂ နှစ်သက်တမ်းတိုးမြှင့်သွားရန် အစီအစဉ်များရှိနေကြောင်း PTTEP ကုမ္ပဏီ၏အကြီးအကဲတစ်ဦးဖြစ်သော Montri Rawanchaikul က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံသည် ၎င်းတို့၏ Erawan ဓာတ်ငွေ့လုပ်ကွက်များတွင် ဓာတ်ငွေ့ထုတ်လုပ်မှုများ ကျဆင်းလျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Chevron သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ ပါဝင်လုပ်ကိုင်မှုကို အဆုံး သတ်ခဲ့ပြီးနောက် PTTEP ကုမ္ပဏီက ရတနာဓာတ်ငွေ့လုပ်ငန်းတွင် ပိုင်ဆိုင်ထားသော Chevron ၏ ရှယ်ယာများကို လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။
PTTEP သည် မြန်မာနိုင်ငံတွင် ပါဝင်လုပ်ကိုင်လျက်ရှိနေသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများမှ မြန်မာနိုင်ငံတွင်အသုံးပြုနေသော လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင်အသုံးပြုနေသော လျှပ်စစ်ဓာတ်အား ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိနေကြောင်း သိရသည်။ PTTEP သည် စွမ်းအင်လုံခြုံရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံတွင် ၎င်းတို့လုပ်ကိုင်နေသည့် ဓာတ်ငွေ့လုပ်ကွက်နှစ်ခုတွင် ဓာတ်ငွေ့ထုတ်လုပ်နေခြင်းများကို စာချုပ်သက်တမ်းတိုးရန်လိုလားနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
PTTEP ကုမ္ပဏီအကြီးအကဲက ” ကျွန်တော်တို့ဟာ ထိုင်းနဲ့ မြန်မာနိုင်ငံကြား လိုအပ်နေတဲ့ ဓာတ်ငွေ့တွေရရှိဖို့ ပစ်မှတ်ထားကြိုးပမ်းနေတယ်”ဟုပြောသည်။
Ref; Natural Gas World