၃. ၁၀. ၂၀၂၃
Translated by Thettant
ဒီနေ့ညမှာ ချန်ပီယံလိဂ်အုပ်စု ဒုတိယအဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ရှုံးထားတဲ့အသင်းတွေ၊ သရေကျခဲ့တဲ့အသင်းတွေက အမှတ်ပြန်ယူကြမဲ့ ပွဲစဉ်တွေပါသလို အမှတ်ယူဖို့ ကြိုးစားရင်းနဲ့ ထပ်ရှုံးပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ရနိုင်မဲ့ အသင်းတွေလည်း ပါဝင်နေပါတယ်။ လက်ရှိခန့်မှန်းသုံးသပ်မှုတွေအရတော့ မန်ယူ၊ အာဆင်နယ်၊ ရီးရဲတို့ နိုင်ပွဲရနိုင်တယ်လို့ ခန့်မှန်းမှုတွေနဲ့အတူ ဘယ်အသင်းတွေကတော့ ဘာကြောင့် ရှုံးနိမ့်မယ်ဆိုတာကို MT News က ပြန်ဆိုဖော်ပြပေးလိုက်ပါတယ်။
◾ ယူနီယံဘာလင် Vs ဘရာဂါ
မိန့်ဇ်နဲ့ ဒမ့်တတ်ဇ်ကို လေးဂိုးစီသွင်းပြီးကတည်းက ယူနီယံဘာလင်ဟာ ငါးပွဲဆက်နိုင်ပွဲပျောက်နေခဲ့တာပါ။ ဒီငါးပွဲမှာလည်း တစ်ဂိုးပဲသွင်းနိုင်ခဲ့တဲ့အခြေအနေကို ယူနီယံဘာလင်တို့ အိမ်ကွင်းမှာ အဆုံးသတ်ဖို့ ကြိုးစားလာမှာပါ။ ဘရာဂါကတော့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ နာပိုလီကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့သလို Group C မှာ အုပ်စုတက်ဖို့က ရီးရဲနဲ့ နာပိုလီပဲ အဓိကယှဉ်ပြိုင်ရမှာဖြစ်လို့ အောက်နှစ်သင်းကတော့ တတိယနေရာအတွက်ပဲ အကြိတ်အနယ်ကြိုးစားရမှာပါ။ လက်ရှိခြေစွမ်းအရ ဘရာဂါသာတာကြောင့်လည်း Sportsmole နဲ့ Forbet က ဘရာဂါဟာ အဝေးကွင်းမှာ ယူနီယံဘာလင်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
◾ ဆဲလ်ဘဂ် Vs ဆိုစီဒက်
အဝေးကွင်းမှာတောင် ဘင်ဖီကာလိုအသင်းကို အနိုင်ကန်ခဲ့တဲ့ ဆဲလ်ဘဂ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲမှာလည်း တစ်ပွဲပဲ ရှုံးထားတာပါ။ ချန်ပီယံလိဂ်မှာ ကန်ခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး ၈ ပွဲမှာလည်း ၁ ပွဲပဲ ရှုံးထားပေမဲ့ ဆိုစီဒက်ကတော့ ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး ၈ ပွဲမှာ ၂ ပွဲပဲနိုင်ထားတာပါ။ ဒီ့အတွက်တော့ Forbet က အိမ်ကွင်းမှာ ဆဲလ်ဘဂ်က ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းပေမဲ့ Sportsmole ကတော့ ၁ ဂိုးစီသရေကျမယ်လို့ ခန့်မှန်းပါတယ်။
◾ မန်ယူ Vs ဂါလာတာစာရေး
ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်ကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးထားတဲ့အပြင် ခရစ္စတယ်ပဲလေ့စ်ကိုပါ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးထားတဲ့ သရဲနီတွေအတွက် ဂါလာတာစာရေးကို အနိုင်ကန်ဖို့ကလွဲရင် ရွေးချယ်စရာမရှိပါဘူး။ တစ်ဖက်မှာလည်း မန်ယူဟာ အားထားရတဲ့ မာတီနက်စ်၊ ဘစ်ဆာကာ၊ လုခ်ရှော စတဲ့ကစားသမားတွေ ဒဏ်ရာရစာရင်းမှာရှိနေတာကြောင့် လက်ရှိမှာ အဝေးကွင်းနောက်ဆုံးလေးပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းကောင်းနေတဲ့ ဂါလာတာစာရေးနဲ့ တွေ့ချိန်မှာ အပြန်အလှန်ဂိုးသွင်းနိုင်တာကြောင့် Sportsmole က မန်ယူကပဲ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းပြီး Forbet ကတော့ မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းတာ တွေ့ရပါတယ်။
◾ ကိုပင်ဟေဂင် Vs ဘိုင်ယန်မြူးနစ်
မန်ယူအသင်းကို လေးဂိုးသွင်းနိုင်ခဲ့တဲ့ ဘိုင်ယန်ဟာ ချန်ပီယံလိဂ်နောက်ဆုံးငါးပွဲမှာလည်း တစ်ပွဲပဲ ရှုံးထားတာပါ။ နောက်ဆုံးသုံးပွဲမှာ ၁၃ ဂိုးအထိသွင်းထားတဲ့ တိုက်စစ်ကလည်း အစွမ်းပြနေပေမဲ့ နောက်တန်းကတော့ အဝေးကွင်းမှာဆိုရင်တော့ တိုက်စစ်ကောင်းတဲ့အသင်းတွေနဲ့ဆုံချိန်မှာ ဂိုးတွေပြန်ပေးနေရတာပါ။ ကိုပင်ဟေဂင်ကလည်း ချန်ပီယံလိဂ်နောက်ဆုံး ၁၀ ပွဲမှာ တစ်ပွဲပဲ ရှုံးနိမ့်ထားသလို ဂါလာတာစာရေးကို ၂ ဂိုးသရေကန်နိုင်ခဲ့ပေမဲ့လည်း သူတို့ရဲ့ ခြေစွမ်းက ဘိုင်ယန်ကို အနိုင်ကန်ဖို့မဖြစ်နိုင်လောက်ဘူးတွက်ဆလို့ Sportsmole နဲ့ Forbet က ဘိုင်ယန်ဟာ အဝေးကွင်းမှာ ကိုပင်ဟေဂင်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
◾ လန်းစ် Vs အာဆင်နယ်
လန်းစ်ဟာ အခုနောက်ပိုင်းမှာ ခြေပြန်မှန်လာတယ်ဆိုပေမဲ့လည်း မန်ယူလို PSV လိုအသင်းတွေကို ဂိုးပြတ်သွင်းပြီး နောက်ဆုံး ၆ ပွဲမှာ ၁၅ ဂိုးသွင်းထားတဲ့ ပေးဂိုး ၃ ဂိုးပဲရှိတဲ့ တော်ဝင်ဂန်းနားတွေကိုတော့ အံတုနိုင်ဖို့ မလွယ်လို့ အိမ်ကွင်းဖြစ်ပေမဲ့လည်း အားမတန်မာန်လျှော့ရမဲ့ အခြေအနေပါ။ ဒီပွဲဟာ အာဆင်နယ်တို့ရဲ့ အညှာအတာကင်းမဲ့တဲ့နိုင်ပွဲမျိုးမြင်ရဖွယ်ရှိတာကြောင့် Forbet ကတော့ အာဆင်နယ်ကပဲ အဝေးကွင်းမှာ လန်းစ်ကို သုံးဂိုးပြတ်အနိုင်ယူသွားမယ်ခန့်မှန်းပေမဲ့ Sportsmole ကတော့ လန်းစ်ခြေပြန်မှန်လာတာကြောင့် အာဆင်နယ်ကို ၁ ဂိုးလောက်ပြန်သွင်းမယ်လို့ ခန့်မှန်းထားပြီး ပွဲပြီးရလဒ်ကတော့ လန်းစ် ၁ – ၂ အာဆင်နယ်လို့ သုံးသပ်တာပါ။
◾ PSV Vs ဆီဗီလာ
အာဆင်နယ်ကို လေးဂိုးပြတ်အရှုံးကနေ နိုးထရမဲ့ PSV အတွက် ကံကောင်းတာက ဆီဗီလာဟာ ဘာစီလိုနာနဲ့ ကစားထားရလို့ ပွဲပန်းနေတာပါ။ ဒါ့အပြင် ဆီဗီလာဟာ ဒီရာသီအဝေးကွင်းသုံးပွဲမှာ နိုင်ပွဲမရှိတဲ့အပြင် ၂ ပွဲကလည်း ရှုံးထားသေးတာပါ။ PSV ကတော့ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲအပြီး နောက်ဆုံးသုံးပွဲမှာ ၁၀ ဂိုးသွင်းခဲ့ပြီး ပေးဂိုးကလည်း တစ်ဂိုးပဲရှိတာပါ။ အိမ်ကွင်းမှာတော့ PSV ကပဲ အုပ်စုတွင်းပထမဆုံး သုံးမှတ်ယူသွားမှာဖြစ်ပြီး Forbet က ၃ ဂိုး ၁ ဂိုးနဲ့ PSV နိုင်မယ်ခန့်မှန်းသလို Sportsmole ကတော့ ၂ ဂိုး ၁ ဂိုးနဲ့ PSV နိုင်မှာလို့ ပြောပါတယ်။
◾ နာပိုလီ Vs ရီးရဲမက်ဒရစ်
ချန်ပီယံလိဂ်ဘုရင် ရီးရဲဟာ ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲမှာ အက်သလက်တီကိုကို ရှုံးခဲ့တာကလွဲရင် ကျန်ပွဲစဉ်တွေအနိုင်ယူထားပြီး လာလီဂါမှာ ထိပ်ဆုံးနေရာ ရပ်နေတာပါ။ နာပိုလီကလည်း နောက်ဆုံး ခြောက်ပွဲမှာ သရေနှစ်ပွဲနဲ့ ရှုံးပွဲတစ်ပွဲကြုံထားတယ်ဆိုပေမဲ့ အူဒီးနီး၊ လက်ချီတို့နဲ့ နောက်ဆုံး နှစ်ပွဲစလုံးမှာ တိုက်စစ်က ၄ ဂိုးပြတ်သွင်းခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲမရှိတာကြောင့် Sportsmole ကတော့ နာပိုလီဟာ ရီးရဲကို အိမ်ကွင်း ၁၊ ၁ နဲ့ သရေခံကန်နိုင်မယ်ခန့်မှန်းပေမဲ့ Forbet ကတော့ ရီးရဲကပဲ နာပိုလီကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်မယ်လို့ သုံးသပ်ပါတယ်။
◾ အင်တာမီလန် Vs ဘင်ဖီကာ
အုပ်စုပထမဆုံးပွဲစဉ်မှာ ဆိုစီဒက်ကို သရေကျထားလို့ တစ်မှတ်ပဲရထားတဲ့ အင်တာဟာ အိမ်ကွင်းမှာ ရင်ဆိုင်ရမဲ့ ဘင်ဖီကာကိုတော့ အနိုင်ကစားမှာပါ။ ဘင်ဖီကာကတော့ အုပ်စုတွင်းမှာ တစ်မှတ်မှမရသေးတဲ့အသင်းဖြစ်သလို ဆဲလ်ဘဂ်လိုအသင်းကိုပါ အိမ်ကွင်းမှာ ၂ ဂိုးပြတ်ရှုံးထားတဲ့အထိ ချန်ပီယံလိဂ်ခြေစွမ်းဆိုးပါတယ်။ ဒါ့အပြင် အင်တာနဲ့ ဘင်ဖီကာတို့ ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲတွေ့ဆုံမှုမှာလည်း ဘင်ဖီကာတို့ အင်တာရှုံးအောင် စွမ်းဆောင်ထားနိုင်မှုမရှိချိန်မှာ အမှတ်ယူဖို့လိုအပ်နေတဲ့ အင်တာကပဲ ဘင်ဖီကာကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားမယ်လို့ Sportsmole က ခန့်မှန်းပေမဲ့ Forbet ကတော့ အင်တာ ၂ – ၁ ဘင်ဖီကာလို့ ခန့်မှန်းပါတယ်။
Ref & Photo Sportsmole