၃.၁၀.၂၀၂၃.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကို ရာထူးမှဖယ်ရှားရန်အတွက် အဆိုပြုချက်တစ်ရပ်ကို အောက်လွှတ်တော်မှ သဘောထားတင်းမာသည့် လက်ယာစွန်း ရီပတ်ဘလစ်ကန်အမတ် မတ်ဂိတ်ဇ်က အောက်တိုဘာ ၂ ရက်တွင် စတင်တင်သွင်းလာခဲ့ကြောင်း သိရသည်။
စက်တင်ဘာလကုန်တွင် အမေရိကန်အစိုးရ၏ လုပ်ငန်းယန္တရားများရပ်ဆိုင်းရလုဆဲ အခြေအနေကိုရှောင်ရှားနိုင်ရန် ဒီမိုကရက်တစ်ပါတီနှင့် မက်ကာသီတို့ ပူးပေါင်းဆောင်ရွက် အားထုတ်မှုများအပေါ် အောက်လွှတ်တော်မှ သဘောထားတင်းမာသည့် ရီပတ်ဘလစ်ကန်အမတ်များက မကျေနပ်မှုကို စတင်ဖော်ပြလာခြင်းဟုလည်း သတင်းများကဆိုသည်။
အဆိုပြုချက်တင်သွင်းအပြီးတွင် ရီပတ်ဘလစ်ကန်အမတ် မတ်ဂိတ်ဇ်က သတင်းထောက်များအား “ကျွန်တော့်မှာ နောက်အပတ်ကျ ဒီအချက်အတွက် ဆွေးနွေးထောက်ခံမယ့် ရီပတ်ဘလစ်ကန်အမတ်တွေ အလုံအလောက်ရှိတယ်။ မက်ကာသီအနေနဲ့အောက်လွှတ်တော် ဥက္ကဋ္ဌတာဝန်က နုတ်ထွက်ပေးတော့မလား။ ဒါမှမဟုတ် အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီမိုကရက်တွေအလိုကျ လိုက်လုပ်ပေးနေမလား” ဟု ပြောခဲ့သည်။
ထို့နောက်တွင်မူ မက်ကာသီက ၎င်းအနေနှင့်ရင်ဆိုင်ထားရန်အဆင်သင့်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် ပြန်လည်ရေးသားခဲ့သည်။
အမေရိကန်အစိုးရ၏ လုပ်ငန်းယန္တရားများ ရပ်ဆိုင်းမည့်ဘေးမှ ရှောင်လွဲနိုင်ရန် အစိုးရအတွက် အသုံးစရိတ်ထောက်ပံ့မှုကို နိုဝင်ဘာ ၁၇ ရက်အထိ တိုးမြှင့်သတ်မှတ်သည့်ဥပဒေကို အောက်လွှတ်တော်က စက်တင်ဘာ ၃၀ ရက်တွင် အတည်ပြုခဲ့ပြီးနောက်နှစ်ရက်အကြာတွင် မက်ကာသီအား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာမှဖယ်ရှားရန် သဘောထားတင်းမာသည့် အောက်လွှတ်တော်အမတ်များ၏ ကြိုးပမ်းမှု စတင်လာခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေကိုအတည်ပြုနိုင်၍ အမေရိကန်အစိုးရမှာလည်း အစိုးရဝန်ထမ်းထောင်ပေါင်းများစွာကို လစာမပေးနိုင်တော့ဘဲ ရုံးများပိတ်ရတော့မည့်အခြေအနေမှ လက်မတင်ကလေး လွတ်မြောက်ခဲ့သည်။
သို့ရာတွင် ထိုစဉ်ကပင် မတ်ဂိတ်ဇ်က အစိုးရအတွက် ဒီမိုကရက်အမတ်များနှင့်ပူးပေါင်း၍ မက်ကာသီကဆောင်ရွက်နေလျှင် ၎င်းအားအောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်မှဖယ်ရှားရန်ကြိုးစားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
မက်ကာသီ၏ မဟာမိတ်များဘက်ကလည်း ဂိတ်ဇ် အဆိုပြုချက် လွဲချော်မှုဖြစ်စေရန်လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်မအောင်မြင်ဘဲ မဲခွဲဆုံးဖြတ်ရမည်ဆိုပါက ရီပတ်ဘလစ်ကန်တို့ အများစုဖြစ်သော အောက်လွှတ်တော်က မက်ကာသီအား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာမှ အလွယ်တကူ ဖယ်ရှားနိုင်မည်ဖြစ်သည်။
Ref—–The Guardian