၃.၁၀.၂၀၂၃.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချူရာချန်ပူခရိုင်အတွင်း အစိုးရလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ အောက်တိုဘာ ၂ ရက်တွင် လုံးဝရပ်ဆိုင်းသွားခဲ့ရာ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝများအပေါ် များစွာထိခိုက်မှုရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
အမျိုးသားထောက်လှမ်းရေး အေဂျင်စီ(NIA) နှင့် ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို(CBI) တို့က ကလေးနှစ်ဦးအပါအဝင် ကူကီးတိုင်းရင်းသားခုနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းအား ဆန့်ကျင်သောအားဖြင့် အစိုးရလုပ်ငန်းများရပ်တန့်၍ သပိတ်မှောက်ကြရန် ပြည်နယ်အတွင်း ကူကီးလူမျိုးစုအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ထိုခုနှစ်ဦးအားဖမ်းဆီးမှု မတိုင်မီကလည်း လူလေးဦးကို CBI က ဖမ်းဆီး၍ အာသံပြည်နယ်၊ ဂူဝါဟာတီမြို့သို့ ခေါ်ဆောင်သွားခဲ့သေးသည်။
ထိုသို့ဖမ်းဆီးမှုများကိုလည်း ဇူလိုင်လအတွင်းက မဏိပူရပြည်နယ်အတွင်း လူငယ်နှစ်ဦးအသတ်ခံရမှုနှင့်ဆက်စပ်၍ ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။ အသက် ၁၈ နှစ်ရှိ ဟီမန်ဂျစ်နှင့် အသက် ၁၇ နှစ်ရှိ ဟီဂျမ်လင်သုန်ဂမ်ဘီတို့ လူငယ်နှစ်ဦးက ဇူလိုင် ၆ ရက်တွင် ပျောက်ဆုံးခဲ့ကာ စက်တင်ဘာ ၂၅ ရက်တွင်မူ သေဆုံးနေသော ၎င်းတို့နှစ်ဦး၏အလောင်းများကို ရိုက်ထားသည့် ဓာတ်ပုံများက ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထိုလူသတ်မှုက ပြည်သူများအကြား ကြီးမားစွာ နာကျည်းဒေါသထွက်စေခဲ့သောရက်စက်မှု ဖြစ်စေခဲ့ကာ အင်ဖာချိုင့်ဝှမ်းရှိ မဏိပူရပြည်နယ်အတွင်း အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ခဲ့ရသည်။
အောက်တိုဘာ ၂ ရက်တွင် လုပ်ငန်းများရပ်ဆိုင်းသွားခဲ့သော ချူရာချန်ပူခရိုင်၌ လမ်းများတွင် လူရှင်းလျက်ရှိကာ ဈေးများ၊ စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ကို တွေ့ရသည်။ အဓိကလမ်းမကြီးပေါ်တွင် လူငယ်များက အတားအဆီးများချကာ ယာဉ်သွားလာ၍မရအောင် ပြုလုပ်ထားကြသည်ကို တွေ့ရသည်။
အဆိုပါလူငယ်နှစ်ဦးအား သတ်ဖြတ်မှုက မဏိပူရပြည်နယ်အတွင်း ငါးလကြာပြီဖြစ်သော မေတီးလူမျိုးစုများနှင့် ကူကီးလူမျိုးစုများအကြား တိုက်ခိုက်မှုရန်ပွဲကို ပို၍ဆိုးဝါးလာအောင် ပြုလုပ်သကဲ့သို့ ဖြစ်စေခဲ့ကြောင်းသိရသည်။
Ref–The Economic Times, The Tribune