၃.၁၀.၂၀၂၃
written by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျို့မြို့၌ ကျင်းပနေသော ၁၉ ကြိမ်မြောက်အာရှအားကစားပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပွဲ ဆီမီးဖိုင်နယ်၌ မြန်မာအသင်းက ဂျပန်အသင်းကို အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲတက်သွားပြီဖြစ်သည်။
အခြားဆီမီးဖိုင်နယ်ပွဲတွင် အင်ဒိုနီးရှားက ဖိလစ်ပိုင်ကိုအနိုင်ရကာ ဗိုလ်လုပွဲတက်နိုင်ခဲ့သည်။
ဗိုလ်လုပွဲကို မြန်မာနှင့် အင်ဒိုနီးရှားတို့ အောက်တိုဘာလ ၄ ရက်တွင် ကစားကြမည်ဖြစ်သည်။ မြန်မာနှင့် အင်ဒိုနီးရှားတို့က အုပ်စုအဆင့်တွင်လည်း တွေ့ဆုံကစားခဲ့ကြရာ အင်ဒိုနီးရှားက ၂၂-၂၀၊ ၂၁-၁၉ ဖြင့် အနိုင်ရရှိသွားခဲ့ရာ ဗိုလ်လုပွဲတွင် ထပ်မံတွေ့ဆုံကြရမည်ဖြစ်သည်။
၁၉ ကြိမ်မြောက်အာရှအားကစားပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲပွဲတွင် နိုင်ငံကိုးနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်လုပွဲသို့ တက်ရောက်သွားသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအမျိုးသားလေးယောက်တွဲအသင်းအား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ ပြိုင်ပွဲကွင်းတွင် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်ဟုလည်း သိရသည်။
ပုံစာ။ မြန်မာပိုက်ကျော်ခြင်းအဖွဲ့ယှဥ်ပြိုင်နေမှုနှင့် ဗိုလ်လုပွဲတက်ရောက်၍ ဂုဏ်ပြုမှုမြင်ကွင်း။