October 19, 2024

◾မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်ပေးမှုစနစ်ကို တိုက်ခိုက်ခံရမှု ၂၆၈ ကြိမ်ရှိခဲ့ဟု Insecurity Insight အဖွဲ့ ပြော

၃. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်ပေးမှုစနစ် (Health Care System) တိုက်ခိုက်ခံရမှုအနည်းဆုံး ၂၆၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဆွတ်ဇာလန်အခြေစိုက် နိုင်ငံတကာအချက်အလက်ကောက်ယူစုဆောင်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Insecurity Insight အဖွဲ့က ဖော်ပြလိုက်သည်။

အဆိုပါတိုက်ခိုက်မှုကာလအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေသော ဆေးရုံ၊ အဆောက်အဦများ တိုက်ခိုက်ခံရမှုအပြင် ကျန်းမာရေးဝန်ထမ်း ၂၇ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ထို့အပြင် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွင် ပါဝင်နေသောအဖွဲ့အစည်းများကြားဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးနေသော အဆောက်အဦများ ၈၂ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း Insecurity Insight အဖွဲ့က ပြောသည်။

ကျန်းမာရေးစောင့်ရှောက်ပေးမှုစနစ် တိုက်ခိုက်ခံရခြင်းများကြောင့် အကူအညီလိုအပ်နေသော လူနာများကို ထိရောက်စွာပြုစုကုသပေးနိုင်မည့် စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်တွင် ပါဝင်လုပ်ကိုင်နေသည့် ဝန်ထမ်း ၅ ဦးပြန်ပေးဆွဲခံရသလို ကျန်းမာရေးဝန်ထမ်း ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်နှင့် ကယား ပြည်နယ်တို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ တိုက်ခိုက်ခံရမှု များပြားနေလျက်ရှိနေကြောင်း သိရသည်။

အဆိုပါကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဒရုန်း၊ ပေါက်ကွဲစေသောပစ္စည်း၊ မော်တာကျည်ဆံများ ကျရောက်ပေါက်ကွဲမှု အနည်းဆုံးအကြိမ်ပေါင်း ၆၀ ကျော် ရှိနေကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်ပေးမှုစနစ်တိုက်ခိုက်ခံရမှုသည် ၁၀၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ကျန်းမာရေးစနစ်တိုက်ခိုက်ခံရမှု အကြိမ်ရေ ပိုမိုမြင့်တက်လာခဲ့ကြောင်း Mapaction-maps တွင် ဖော်ပြထားသည်။

Ref;Insecurity Insight

Leave a Reply

Your email address will not be published. Required fields are marked *