October 19, 2024

၃. ၁၀. ၂၀၂၃
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ကဏ္ဍအတွက် ကျပ်ဘီလျံ ၃,၃၈၀ ကျော် အသုံးပြုသွားမည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အားဝယ်ယူခြင်း အသုံးစရိတ်အတွက် စုစုပေါင်းပမာဏ၏ ၈၀ ရာခိုင်နှုန်းနီးပါးဖြစ်သည့် ကျပ်ဘီလျံ ၂,၆၉၅ ဒသမ ၉၀၃ ဘီလျံအထိ အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဌေး၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် ၁၆၂ ဒသမ ၇၇၃ ဘီလျံအသုံးပြုသွားမည့်အပြင် ရေအားလျှပ်စစ်စီမံကိန်းအသစ်များ စူးစမ်းလေ့လာခြင်းအတွက် ကျပ်တစ်ဘီလျံခွဲခန့် အသုံးပြုသွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့အတူ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း အသုံးစရိတ် ကျပ် ၂၃၀ ဒသမ ၃၆၄ ဘီလျံနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ‌ဆောင်ရွက်ခြင်း အသုံးစရိတ် ကျပ် ၁၂၇ ဒသမ ၃၅၀ ဘီလျံအထိ အသုံးပြုသွားမည်ဖြစ်သည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဝန်ကြီးဌာနမှ အသုံးပြုသွားမည့် အသုံးစရိတ် ကျပ်ဘီလျံ ၃,၃၈၀ ကျော်တွင် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ရေလှောင်တမံများ၊ ရေအားလျှပ်စစ် စက်ရုံများနှင့် ဆက်စပ်ရေအား အဆောက်အအုံများပြုပြင်ခြင်း၊ ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအတွက် လိုအပ်သော ပံ့ပိုးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်များ/စက်ရုံများ ပြင်ဆင်ခြင်းတို့အတွက်လည်း အသုံးပြုသွားမည်ဖြစ်သည်။

ထို့ပြင် ကျေးလက်ဒေသ မီးလင်းရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်ခြင်း၊ ရန်ကုန်နှင့် မန္တလေးတို့တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *