October 19, 2024

၃. ၁၀. ၂၀၂၃
Written by Ye Kyaw

မြန်မာ့ကုန်ထုတ်လုပ်မှု ရှစ်လဆက်တိုက် တိုးတက်မှုရှိနေခဲ့သော်လည်း ကုမ္ပဏီများမှ ဝန်ထမ်းဦးရေ လျှော့ချလာမှုနှင့် ဝန်ထမ်းများကလည်း လစာပိုရသည့် အလုပ်နေရာများ ရွှေ့ပြောင်းလုပ်ကိုင်နေရကြောင်း အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ကြားနေအမှတ် ၅၀ အထက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ စက်တင် ဘာတွင် ရှစ်လဆက်တိုက်ဖြစ်လာခဲ့သည်။ PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် ဩဂုတ်တွင် ၅၃ ရှိခဲ့ရာမှ စက်တင်ဘာတွင် ၅၀ ဒသမ ၁ သို့ ကျဆင်းခဲ့၍ ယခင်ခုနစ်လဆက်တိုက် တိုးတက်ခဲ့မှုနောက်ပိုင်း လုပ်ငန်းအခြေအနေများ တည်ငြိမ်လာမှုကို အချက်ပြနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေးကုမ္ပဏီများသည် ပြီးခဲ့သည့် ဇွန်လမှစပြီး ဝန်ထမ်းဦးရေများကို ဖြတ်တောက်လာခဲ့ကြရာ ထုတ်လုပ်ရေးဆိုင်ရာ တောင်းဆိုမှုများ မကြာမီက ကျဆင်းလာမှုကြောင့် စက်တင်ဘာတွင် အလုပ်နေရာ လျှော့ချမှုများ မသိမသာ ပိုမြန်လာခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီများသည် အလုပ်ပမာဏများ ကျဆင်းလာသည်နှင့်အမျှ စက်တင်ဘာလတွင် အလုပ်နေရာများကို လျှော့ချလာခဲ့ရကြောင်း မကြာခဏထည့်သွင်းဖော်ပြကြသကဲ့သို့ အလုပ်သမားများသည် လစာပိုရသည့် အလုပ်နေရာများသို့ ‌ရွှေ့ပြောင်းလိုကြသောကြောင့် အလုပ်မှ နှုတ်ထွက်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်များမှာ အသစ်တဖန် ကျဆင်းလာခဲ့ချိန်မှာ အလုပ်နေရာများ ဖြတ်တောက်ခံရမှုနှုန်းမှာ ပိုပြင်း ထန်လာခဲ့ပါတယ်။ နောက်ဆုံး စစ်တမ်းလအတွင်းမှာ ဝယ်လိုအားဟာ ပြန်ပြီးကျသွားခဲ့ရာ ထုတ်လုပ်ရေးကဏ္ဍအနေနဲ့ ကုန်ကြမ်းရှားပါးမှုများ၊ လျှပ်စစ်မီးပြတ်တောက်မှုများ၊ ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်များ ကြန့်ကြာလာမှုများနှင့် လက်ကျန်စာရင်းများ အပြင်းအထန် ကုန်ခမ်းလာမှုတို့လိုကိစ္စများကို ရုန်းကန်နေရရာ ရှိနေဆဲစိုးရိမ်မှုများကို မီးမောင်းထိုးပြနေပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *