October 19, 2024

၃. ၁၀. ၂၀၂၃
Written by Nay Moe

Biz Law Consult Myanmar ရဲ့ CEO ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်နဲ့ ရန်ကုန်လေဆိပ်​လုံခြုံရေးဌာနအကြီးအကဲ ဗိုလ်မှူး(ငြိမ်း) ဦးရဲခိုင်တို့ကို လုပ်ကြံသတ်ဖြတ်ထားတဲ့ Urban Owl မြို့ပြပြောက်ကျား PDF အဖွဲ့ဟာ ရန်ကုန်မြို့လယ် လမ်းမတော်မှာ ဦးဉာဏ်လွင်အောင်ဆိုသူ အမျိုးသားတစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်ပါတယ်။

Urban Owl ရဲ့ စွပ်စွဲချက်အရ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီခန့်က ရန်ကုန်မြို့လယ် လမ်းမတော်မြို့နယ်မှာ သတ်ဖြတ်ခံရတဲ့ ဦးဉာဏ်လွင်အောင်ဟာ မြန်မာနိုင်ငံအပြင် ရုရှား၊ တရုတ်၊ ထိုင်း၊ UAE စတဲ့နိုင်ငံတွေမှာ North Gate Engineering and Technology အမည်နဲ့ လုပ်ငန်းခွဲတွေ ဖွင့်လှစ်ထားသူဖြစ်ပြီး Well and Fair ခရီးသွားကုမ္ပဏီတည်ထောင်ထားသူ၊ ပြည်ထဲရေးဝန်ကြီးဌာနကို Facial Recognition ပါတဲ့ CCTV တွေ တင်သွင်းတပ်ဆင်ပေးနေသူ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်လို့ သတ်ဖြတ်တယ်လို့ သူတို့ သတ်ဖြတ်ရမှုကို ဆင်ခြေပေးထားပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး News of Myanmar Telegram Channel ကတော့ “ရန်ကုန်မြို့၊ လသာမြို့နယ်၊ (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ ဖက်တီးမလမ်းဘေး ထမင်းကြော်ဆိုင်တွင် စားသောက်နေသူတစ်ဦးကို အောက်တိုဘာ ၂ ရက် ည ၁၀ နာရီ၌ အကြမ်း ဖက်သမားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားကြောင်းသိရသည်။ North Gate ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း “ကိုဥာဏ်လွင်အေး”သည် ဆိုင်တွင် ထမင်းကြော်စားနေစဥ် လွယ်အိတ်လွယ်ပြီး လမ်းလျှာက်လာသူအကြမ်းဖက်သမားက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားသဖြင့် “ကိုဥာဏ်လွင်အေး”တွင် ဝဲဘက်နားထင်ကျည်ဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာရပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။ အခင်းဖြစ်နေရာမှ အမေရိကန်ထုတ် ၉ မမကျည်ခွံသုံးတောင့်တွေ့ပြီး ပစ်ခတ်သူအကြမ်းဖက်သမားကို ပိတ်ဆို့ဖမ်းဆီးနေကြောင်းသိရသည်”လို့ရေးသားထားပါတယ်။

လူသိနည်းတဲ့ သက်လတ်ပိုင်းလုပ်ငန်းရှင်တချို့နဲ့ ပညာရှင်တချို့ကို တိတ်တဆိတ်လိုက်လံသတ်ဖြတ်နေတဲ့ Unban Owl မြို့ပြ PDF အဖွဲ့ဟာ လျှပ်စစ်ကားနဲ့ လက်နက်တင်သွင်းဖို့ကြိုးပမ်းနေတဲ့ ခရိုနီပေါက်စဖြစ်ရေးလုပ်နေတဲ့ လူငယ်လုပ်ငန်းရှင်စာရင်းတွေလည်း ရယူထားပြီး အခါအခွင့်သင့်ရင်အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါသေးတယ်။

MT News ရဲ့ ကနဦးစုံစမ်းချက်အရ ပစ်ခတ်သတ်ဖြတ်ခံရသူဟာ ကိုဉာဏ်လွင်အေးမဟုတ်ဘဲ ဦးဉာဏ်လွင်အောင်ဖြစ်ပါတယ်။ ဦးဉာဏ်လွင်အောင်ဟာ North Gate Engineering and Technology ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အဲဒီကုမ္ပဏီဟာ မြန်မာနိုင်ငံရုံးချုပ်အပြင် ထိုင်းနဲ့စင်ကာပူမှာရုံးခွဲတွေရှိပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဥ်မှာ ဦးဉာဏ်လွင်အောင်ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကနဦးသတင်းတွေအရတော့ ဦးဉာဏ်လွင်အောင်နဲ့ လိုက်ပါလာသူတစ်ဦးလည်း ပစ်ခတ်ခံရတယ်လို့ သိရပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းဖော်ပြပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *