MT News
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ တာမောလီပါ့စ်ပြည်နယ်အတွင်း ကမ်းခြေဆိပ်ကမ်းမြို့ဖြစ်သော စီယူဒက်မာဒီရိုမြို့၌ အောက် တိုဘာ ၁ ရက်က ခရစ်ယန်ဘုရားရှိခိုးကျောင်းတစ်ခု၏အမိုးပြိုကျခဲ့ရာ အနည်းဆုံး လူကိုးဦးသေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးသမားများက အမိုးပြိုကျမှုကြောင့် အဆောက်အအုံအပျက်အစီးများအကြား အသက်ရှင်ကျန်ရစ်သူများနှင့်သေဆုံးအလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဘုရားကျောင်းလာရောက်သူများအနက် အမိုးပြိုကျမှုကြောင့် ခန့်မှန်း ၃၀ ဦးခန့် အပျက်အစီးများအောက်တွင် လှောင်ပိတ်မိနေသည်ဟု ယူဆရကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရှာဖွေရေးသမားများကလည်း ခွေးများ၏အကူအညီဖြင့် ရှာဖွေနေကြကြောင်း သိရသည်။
တာမောလီပါ့စ်ပြည်နယ် ရဲတပ်ဖွဲ့က ပြိုကျမှုဖြစ်စဉ်ည ဘုရားကျောင်း၌ လူ ၁၀၀ ခန့်ရှိကြောင်းလည်း ဆိုသည်။ အောက်တိုဘာ ၁ ရက် ညအထိမူ သေဆုံးသူ ကိုးဦးရှိကြောင်းအတည်ပြုခဲ့ကြသည်။ ဘုရားရှိခိုးကျောင်းက ဖွဲ့စည်းတည်ဆောက်ပုံ ညံ့ဖျင်း၍ပြိုကျခဲ့ရခြင်းဟုလည်းယူဆကြသည်။
ဒဏ်ရာရ၍ဆေးရုံတင်ပို့ထားရသူ ၅၀ ခန့်တွင် လေးလသားကလေးတစ်ဦးပင် ပါဝင်ကြောင်း သိရသည်။ သို့သော် ၎င်းတို့၏ကျန်းမာရေးအခြေအနေကိုမူ မသိရှိရသေးချေ။ ပြိုကျနံရံများတွင်လည်း ပေါက်ကွဲမှု ဒဏ်ရာဒဏ်ချက်တစ်စုံတစ်ရာမတွေ့ရဘဲ ဖွဲ့စည်းတည်ဆောက်ပုံညံ့ဖျင်း၍ပြိုကျခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု တာဝန်ရှိသူများက ပြောခဲ့ကြသည်။
Ref, The Guardian