၂. ၁၀. ၂၀၂၃
Written by Phyo Wei
ဆန်စပါးပေါ်ချိန် ပွဲစားတွေမဝယ်ဘဲ စျေးနှိမ်ပြီး တောင်သူတွေက ကျစျေးနဲ့ရောင်းမှ တောင်သူလက်ထဲ စပါးမရှိချိန်မှ ပွဲစားတွေက စျေးကစားပြီး စျေးဆွဲတင်တာကြောင့် တောင်သူလည်း အကျိုးမရှိ၊ ပြည်သူလည်း ဆန်စျေးအဆမတန်ကြီးတဲ့ဒဏ်ကို မြန်မာနိုင်ငံမှာ နှစ်စဥ်ကြုံတွေ့နေရပြီး ဖြေရှင်းပေးနိုင်မှုမရှိသလို လက်ရှိ စပါးပေါ်ချိန်မှာလည်း အရင်တုန်းကလိုပဲ ငွေတိုးတို့ ဒဂုံတို့လို စပါးတွေဟာ ၁၆ သိန်းလောက်ဖြစ်ခဲ့ရာကနေ ၁၃ သိန်းအောက် ခုန်ဆင်းသွားပါတယ်။ စပါးပေါ်ချိန် စျေးချဝယ်၊ စပါးရှားချိန် စျေးအဆမတန်တင်ရောင်းတာကြောင့် ဆန်စျေးကြီးမှုဖြစ်ရလို့ ဒီလိုမျိုးလူတွေကို စနစ်တကျစောင့်ကြပ်အရေးယူနိုင်ဖို လိုအပ်နေပါတယ်လို ထပ်မံပြောရမှာပါ။
တစ်ဖက်မှာလည်း ခရီးသွားဝင်ရောက်မှုဟာ ခြောက်ဆတိုးလာတယ်ဆိုပေမဲ့လည်း အဓိကဝင်နေတဲ့ တရုတ်ခရီးသွားတွေဟာ No More Bets ရုပ်ရှင်ရဲ့ အစွမ်းနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ အွန်လိုင်းလိမ်လည်၊ လူကုန်ကူးတာကို ကြောက်ရွံ့နေတဲ့အခြေအနေကြောင့် တရုတ်ခရီးသွားတွေ များများဝင်ဖို့ တရုတ်မြန်မာနယ်စပ်တင်မက ထိုင်းမြန်မာနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေကိုပါ အမြစ်ပြုတ်အောင်ချေမှုန်းပြီး မြန်မာ့ခရီးသွားပုံရိပ်ကောင်း ပြန်ယူပေးပါလို့ ပြောပြရမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဆရာဝန်ဆီကောက်တဲ့ဝင်ငွေခွန် လူနာရှင်ပေးရတဲ့ ဖိစီးမှု၊ အပြန်အလှန်ကုန်သွယ်မှု ၂၅ ဆမကမြင့်တက်တဲ့ ရုရှား မြန်မာနဲ့ ဝန်ထမ်းအားလုံး ၃၀၀၀၀ တိုးပေးတဲ့ အပိုထောက်ပံ့ကြေးတွေအကြောင်းကို တင်ပြချင်ပါတယ်။
◾ ဆရာဝန်ဆီကောက်တဲ့ဝင်ငွေခွန် လူနာရှင်ပေးရတဲ့ ဖိစီးမှု
ဆရာဝန်တွေ၊ သူနာပြုတွေလို ကျန်းမာရေးစောင့်ရှောက်သူတွေဆီကနေ အစိုးရက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံရာမှာ အစိုးရရဲ့ ညွှန်ကြားချက်က ဆေးရုံ၊ ဆေးခန်းတွေဟာ ဆရာဝန်တွေ သူနာပြုတွေကို ပေးချေရမဲ့ ငွေထဲကနေ ကြိုတင်ဝင်ငွေခွန်အဖြစ် ပင်ရင်းက နှုတ်ယူပေးသွင်းခိုင်းတာဖြစ်ပေမဲ့ အခွန်မဆောင်ချင်တဲ့သူနဲ့ အိတ်မစိုက်ချင်တဲ့ ဆေးရုံတို့ အကြံတူတဲ့အခါ လူနာတွေဖြစ်တဲ့ ပြည်သူတွေဆီက အခွန်ဖြတ်ပြီး ကြားထဲက ငထွားပဲ ခါးနာစေပါတယ်။
ဒီနေရာမှာ ဆေးရုံဆေးခန်းတွေဟာ ကုန်သွယ်ခွန်ကျသင့်တဲ့ ဌာနတွေမဟုတ်ပေမဲ့လည်း အစိုးရကကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို အကြောင်းပြုလို့ ကုန်သွယ်လုပ်ငန်းခွန်လိုမျိုး အခွန် ၅ ရာခိုင်နှုန်းလောက်အထိကို ရောချကောက်ခံတာမျိုး ကြားသိလာနေရပါတယ်။ ဒီလိုမျိုး ဆရာဝန်တွေ၊ သူနာပြုတွေဆီက ကောက်ခံရမဲ့ငွေကို လူနာတွေကပေးရတဲ့အခါ ဖိစီးမှုက တော်တော်ကြီးလာပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့က အထူးကုဆေးရုံတစ်ခုကို သာမန် အသေးစားခွဲစိတ်ရောဂါသွားပြမယ်ဆိုရင်တောင် ကြိုတင်ငွေသွင်းရတာက ၁၀ သိန်း၊ ၁၅ သိန်း သွင်းရပါတယ်။ ဆေးရုံနှစ်ရက်လောက်တက်ပြီး အသေးစားခွဲစိတ်ရင်တောင် သိန်း ၃၀၊ သိန်း ၄၀ လောက်ကုန်ကျတဲ့ ဒီလိုဆေးရုံကြီးတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေပေးရမဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို လူနာဆီက ကုန်သွယ်လုပ်ငန်းခွန်သဘောမျိုးနဲ့ ၅ ရာခိုင်နှုန်းကောက်တဲ့အခါမှာ လူနာတွေက ဘာမှမဆိုင်ဘဲ ဆရာဝန်အခွန်ဆိုပြီး ၁၅၀၀၀၀၊ ၂၀၀၀၀၀ ကုန်ကျရတဲ့အခြေအနေပါ။ လက်ရှိမှာတော့ ပြည်တွင်းအခွန်များဦးစီးဌာနက ဒီလိုမျိုး လူနာဆီက အခွန်ကောက်နေတာကို ရပ်တန့်ဖို့ မေတ္တာရပ်ခံပေမဲ့လည်း ပြစ်ဒဏ်မပါတဲ့အတွက် ထိရောက်မှုနည်းနေတာလို့ ကြားသိရတာကြောင့်လည်း ဒီလိုမျိုး လူနာဆီက အခွန်ကောက်နေတာတွေကို ဒဏ်ရိုက်တာ၊ အရေးယူတာ၊ ရှောင်တခင်စစ်ဆေးတာမျိုးနဲ့ ကြပ်မတ်ဖို့လိုအပ်ပါတယ်လို့ ပြောပါရစေ။
◾ အပြန်အလှန်ကုန်သွယ်မှု ၂၅ ဆမက တိုးတက်လာတဲ့ ရုရှား- မြန်မာ
၂၀၂၁ ခုနှစ်က ရုရှားနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းပဲ ရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ ရုရှားက မြန်မာနိုင်ငံဆီ အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းတွေတင်ပို့နိုင်ခဲ့သလို မြန်မာနိုင်ငံကလည်း ၂၀၂ ၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၃ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းတွေတင်ပိုနိုင်ခဲ့လို့ နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုက ၂၅ ဆမကတဲ့ ဒေါ်လာ သန်း ၄၀၀ ကျော် ရှိလာနေပါပြီ။
လက်ရှိ ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရောက်ရှိနေလို့ ဒီနှစ်အကုန်အထိ အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၄၀၀ကျော်အထိ ရောက်ရှိလာနိုင်သလို မြန်မာနဲ့ ရုရှားနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ တိုးမြှင့်လာနိုင်ဖို့လည်း နှစ်ဖက်စလုံးကမျှော်လင့်နေပါတယ်။
၂၀၂၁ ခုနှစ် အရေးကိစ္စကြောင့် အမေရိကန်အပါအဝင် အနောက်အုပ်စုတွေရဲ့ ဖိအားတွေကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ကုန်ကဏ္ဍအခက်ကြုံလာချိန်မှာ လူဦးရေ သန်း ၁၄၀ ကျော်တဲ့ ရုရှားစျေးကွက်ကို မြန်မာနိုင်ငံက ထိုးဖောက်ခွင့်ရလာတာဖြစ်သလို ရုရှားနိုင်ငံဘက်ခြမ်းမှာလည်း မြန်မာ့ထုတ်ကုန်အများအပြားကို စိတ်ဝင်စားနေကြတာပါ။ အခြားတစ်ဖက်မှာလည်း လက်ရှိတိုးတက်မှုဟာ မြေစမ်းခရမ်းပျိုးအဆင့်သာဖြစ်နေပြီး ရုရှားနိုင်ငံကိုယ်တိုင်ကလည်း မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုရှိနေတာကြောင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေကို မဟာဗျုဟာကျကျမြှင့်တင်ဖို့ Russia-Myanmar Strategic Economic Planning Group ကိုလည်း တည်ထောင်ဖို့လုပ်နေတာပါ။ ဒီလိုမျိုးအခြေအနေဟာ အကျပ်အတည်းတွေ့နေတဲ့ နိုင်ငံအတွက် ဟိုရှေးခေတ်တွေကလို တရုတ်နိုင်ငံတစ်ခုတည်း အားထားရတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲ ရွေးချယ်စရာဖြစ်လာတာကြောင့် ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်လာမဲ့ အနေအထားအထိ တည်ဆောက်သွားနိုင်စရာ ရှိလာနေပြီဖြစ်ပါတယ်။
◾ ဝန်ထမ်းအားလုံး ၃၀၀၀၀ တိုးပေးတဲ့ အပိုထောက်ပံ့ကြေး
နိုင်ငံ့ဝန်ထမ်းအားလုံးကို အပိုထောက်ပံ့ကြေး ၃၀၀၀၀ ပေးတယ်ဆိုတဲ့အခြေအနေမှာ စတင်လှုပ်ရှားလာတာကတော့ ကုန်စျေးနှုန်းပါပဲ။ အခြေခံစားကုန်တွေ ထုတ်ကုန်တွေအားလုံးရော ရွှေတွေ ဒေါ်လာတွေပါ တက်ရိပ်ပြလာပြီး စျေးကစားမှုစတော့တာပါ။ တစ်ဖက်မှာလည်း နိုင်ငံ့ဝန်ထမ်းတွေပဲ ထောက်ပံ့ကြေး တိုးနေလို့ မရဘဲ ၅ နှစ်ကျော်လောက် တစ်ရက် ၄၈၀၀ နဲ့ ရပ်တည်နေရတဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကိုပါ အနည်းဆုံးလုပ်အားခ မဖြစ်မနေတိုးပေးရမဲ့ အခြေအနေကို ရောက်လာပြီပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က လုပ်သားတွေကို အနည်းဆုံးလုပ်အားခ တိုးပေးခဲ့ချိန်မှာ တစ်ဒေါ်လာ ၁၄၀၀ ပတ်ခြာလည်ပဲရှိတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တစ်ဒေါ်လာကို ၃၄၀၀ ပတ်ခြာလည်ပါ။ ဒါ့အပြင် အရင်တုန်းက ၃၀၀၀၀ လောက်ပဲရှိတဲ့ ဆန်ကြမ်းဟာ အခုတော့ ၇၀၀၀၀ လောက်ဖြစ်လာနေပြီး အခြားသော စားသောက်ကုန်တွေ လူနေမှုစရိတ်တွေအကုန်လုံးက ၂ ဆမက တက်လာတာပါ။ ဒီလိုမျိုး ၂ ဆမက တက်လာတဲ့အခြေအနေမှာ နိုင်ငံ့ဝန်ထမ်းတိုးပေးရုံနဲ့မရဘဲ ပုဂ္ဂလိကဝန်ထမ်းတွေကိုလည်း အနည်းဆုံးအခကြေးငွေတိုးပေးရတော့မှာဖြစ်သလို ဒီလိုမျိုးတိုးပေးရတဲ့နောက်မှာ ကုန်စျေးနှုန်းက အဆမတန်တက်လာတာမဖြစ်ဖို့လိုအပ်ပါတယ်။ ကျပ် ၂၀၀၀၀ တန်ထုတ်မယ်ဆိုကတည်းက မဖြစ်သင့်တဲ့အနေအထားအထိ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကိုလည်း နိုင်ငံ့ဝန်ထမ်းထောက်ပံ့ကြေးနဲ့အတူ တက်မလာဖို့ ထိန်းကျောင်းနိုင်ဖို့ ကြိုးစားဖို့လိုအပ်မှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။