၂. ၁၀. ၂၀၂၃
Written by Nay Aung
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများသည် အောက်တိုဘာ ၁ ရက်နေ့က Melaka ပြည်နယ်အတွင်းရှိ Plaza Melaka Sentral ပတ်ဝန်းကျင်ကိုစစ်ဆေးချိန် မလေးရှားနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား ၁၆ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၇ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့သည် အဆိုပါပတ်ဝန်းကျင်ရှိ သံသယရှိသူ နိုင်ငံခြားသား ၁၉၉ ဦးကို စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးခဲ့သူများထဲတွင် မြန်မာနိုင်ငံသား ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦး၊ နီပေါနိုင်ငံသား ၁၇ ဦး၊ ပါကစ္စတန် နိုင်ငံသား ၃ ဦးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Anirwan Fauzee Mohd Aini က “အသက် ၂၀ နဲ့ အသက် ၄၀ ကြားအရွယ်ရှိ နိုင်ငံခြားသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်။ အဲဒီသူတွေဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေထိုင်နေတာ၊ ဒါမှမဟုတ် ခွင့်ပြုထားတဲ့သက်တမ်းထက် ကျော်လွှန်နေထိုင်နေထိုင်နေတဲ့အတွက် ဖမ်းဆီးခံရတာဖြစ်တယ်။ စစ်ဆေးချိန်အတွင်းမှာ အချို့က ထွက်ပြေးတာမျိုးတွေရှိခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရတယ်။ ကျွန်တော်တို့ဟာ Plaza Melaka Sentral ပတ်ဝန်းကျင်မှာ နိုင်ငံခြားသား ၂၀၀ နီးပါးကို စစ်ဆေးခဲ့တယ်။ အဲဒီစစ်ဆေးခံခဲ့ရသူတွေထဲမှာ ပါဝင်တဲ့အခြားနိုင်ငံခြားသား ၁၇၆ ဦးကတော့ တရားဝင်စာရွက်စာတမ်းအထောက်ထားတွေ မှန်ကန်မှုရှိပါတယ်။ အဲဒီသူတွေမှာ မလေးရှားနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်၊ ခရီးသွားခွင့်စတဲ့ အထောက်အထားတွေရှိပါတယ်။ စစ်ဆေးခဲ့သူအများစုဟာ Melaka Sentral ပတ်ဝန်းကျင်မှာ အားလပ်ရပ်အပန်းဖြေဖို့ လာရောက်တဲ့သူဖြစ်ပါတယ်။ “ဟု ပြောသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအနေဖြင့် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၃ ဦးကို လူဝင်မှု ကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ထိန်းသိမ်းကာ စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref; MalaysiaGazette