October 18, 2024

၂.၁၀. ၂၀၂၃
Written By Thandar

ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားရောက်ယှဉ်ပြိုင်မယ့် အိမ်ထောင်ရှင်အလှမယ်နဲ့ အလှမယ်တို့ကို စာနယ်ဇင်းမိတ်ဆက်တဲ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့ Espace By Aureum မှာ အောက်တိုဘာ ၁ ရက် ညနေပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး Myanmar Beauty Paradise Organization က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ၄ ဦးကို ပြည်ပနိုင်ငံတွေဆီ စေလွှတ်ယှဥ်ပြိုင်သွားမယ်လို့ Founder Layauk Naw က MTNews Entertainment ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်က စေလွှတ်ယှဉ်ပြိုင်မယ့် အလှမယ်တွေကိုလည်း အားပေးကြပါ။ သူတို့တွေကလည်း အကောင်းဆုံးကြိုးစားပြင်ဆင်မှုတွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်ကြမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက Pagent Industry က သူများနိုင်ငံတွေနဲ့ယှဉ်ရင် အရမ်းနောက်ကျတယ်။ လုပ်လာတာလည်း ဆယ်စုနှစ် တစ်ခုစာပဲရှိသေးတယ်။ ဒီနောက်ပိုင်းမှတော့ နိုင်ငံခြားမှာ ပြိုင်တဲ့ပြိုင်ပွဲဝင်တွေများလာသလို ဒီ Industry ကလည်း တဖြည်းဖြည်း ပိုတက်လာဖို့ပဲရှိတယ်။ အဲဒါကြောင့် အဘက်ဘက်ကနေ ပံ့ပိုးပေးစေချင်တယ်။ ပရိသတ်တွေဘက်ကလည်း ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားမှုကို ကောင်းမွန်စွာပေးစေချင်တယ်။ ပံ့ပိုးပေးကြဖို့အတွက်လည်း မျှော်လင့်ပါ တယ်” လို့ Layauk Naw က ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ နိုင်ငံ့ကိုယ်စားပြုအလှမယ်တွေကို အလှမယ်မေမုဒြာ၊ Layauk Naw၊ အလှမောင် Sha Yu နဲ့ စံသာတို့က သရဖူနဲ့ စလွယ်ပေးအပ်ခဲ့ပြီး Pyay City Director အနေနဲ့ ဂျူးဟေသာကို ခန့်အပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ Kuala Lumpur ကျင်းပမယ့် I am Model Search Mrs. International 2023 ကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တွေဖြစ်တဲ့ I am Model Search Mrs International Myanmar အနေနဲ့ Mrs. အလှမယ် ရွှေမမအောင် နဲ့ Mrs. အလှမယ် မူမူလွင်တို့က ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

အောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ ၂၂ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂ ကြိမ်မြောက် Mrs Supermodel Worldwide 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Mrs Supermodel Worldwide Myanmar အလှမယ် မွန်းက ဝင်ရောက်ယှဥ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

အလှမယ်ရှင်မေခကတော့ ပဲခူးမြို့မှာ ကျင်းပတဲ့ Miss Myanmar Beauty Paradise Teen Winner 2019 ဆုရထားသူလည်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *