◾ မှတ်ပုံတင်ရရှိပြီးသည့် အွန်လိုင်းဈေးရောင်းသူများ ဈေးနှုန်းအား CB (Chat Box) လာဟု ဆောင်ရွက်ပါက အရေးယူမည်
၂. ၁၀. ၂၀၂၃
Written by Ye Kyaw
အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ယနေ့မှစတင်၍ မှတ်ပုံတင်နိုင်ပြီဖြစ်ပြီး ခြောက်လအတွင်း မှတ်ပုံတင်သည့်သူများ အွန်လိုင်းကြေး ၃,၀၀၀ ကျပ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ယနေ့ ပြုလုပ်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားမှ သိရသည်။
“ဒီစနစ်မှာဆိုရင် အွန်လိုင်းရောင်းချသူတွေအနေနဲ့ မှတ်ပုံတင်ထားပြီးတော့ Social Media တွေကနေ ရောင်းချတယ်။ ပြီးလို့ရှိရင် ကိုယ်ပိုင် Website ရှိတဲ့သူတွေက ရောင်းချတယ်။ အဲဒီလိုရောင်းချတဲ့လုပ်ငန်းနဲ့ ရပ်တည်နေတဲ့ လုပ်ငန်းတွေ အကုန် လုံးပါဝင်လာမှာဖြစ်ပါတယ်။ ကုမ္ပဏီရှိတဲ့သူတွေက ကုမ္ပဏီတွေနဲ့ တစ်ခါတည်း ဒီစနစ်ကို ချိတ်ဆက်ရောင်းချလို့ရသလို၊ တစ်ဦးချင်းအနေနဲ့လည်း ရောင်းချလို့ရအောင် ဆောင်ရွက်လို့ရပါတယ်။ စနစ်ကတော့ ဒီနေ့ပဲ စပြီးဖွင့်လှစ်မှာပေါ့။ ဒီနေ့မှာပဲစပြီးတော့ မှတ်ပုံတင်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်လို့ရပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။
အွန်လိုင်းစနစ် eComReg System ဖြင့် မှတ်ပုံတင်မည့်သူများသည် ရဲစခန်းထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက်တို့ ဖော်ပြရမည်ဖြစ်ပြီး Pilot Project အနေဖြင့် ခြောက်လသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းကာလအတွင်း မှတ်ပုံတင်သူများထံမှ အွန်လိုင်းကြေး ကျပ် ၃,၀၀၀ တစ်ခုတည်းသာ ကောက်ခံသွားမည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင်လက်မှတ်ရရှိသူများအနေဖြင့် ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် စားသုံးသူက ပေးချေရန်နည်းလမ်းနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပေးရမည်။ အရောင်းပြေစာပေးအပ်ရမည်။ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်များ ပေးအပ်ရမည်။ ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချရမည် ဆိုသည့်အချက်များ ဖော်ပြထားသည်။
“မှတ်ပုံတင်ပြီးမှ CB (Chat Box) လာဆိုလို့ရှိရင် စားသုံးသူ ကာကွယ်ရေး ဥပဒေအရရော၊ ဒီတားမြစ်ချက်အရရော အကျုံးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာနိုင်တယ်။ CB လာလို့တော့မရဘူး ခင်ဗျာ” ဟု စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးထက်ဝင်းအောင်က ပြောသည်။
လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်စနစ်ကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အချက် အလက်နည်းနည်းနှင့် ခွင့်ပြုပေးထားခြင်းဖြစ်သည်။ ယင်းအချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသည့် လုပ်ငန်းရှင်များ တင်ပြသည့်အချက်အလက်များအတိုင်း မှန်ကန်စွာဆောင်ရွက်မှု ရှိ/မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ မြေပြင်မှာ ဒီတင်ပြတဲ့သူတွေက အမှန်တကယ် ဆောင်ရွက်ခြင်းရှိ/မရှိ၊ တင်ပြထားတဲ့အချက်အလက်တွေအတိုင်း ဆောင်ရွက်ခြင်းရှိ/မရှိကို မြေပြင်မှာ လိုက်လံစစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းထွန်းဦးက ပြောသည်။
လက်ရှိတွင် eComReg System ဖြင့် မှတ်ပုံတင်နိုင်မည့် လုပ်ငန်းအမျိုးအစားအနေဖြင့် ကုန်စည်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းနှစ်ခုပါဝင်ကြောင်း၊ ကုန်စည်လုပ်ငန်းတွင် အုပ်စု ၂၂ ခုနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် အုပ်စု ၁၄ ခုတို့ဖြင့် ယာယီသတ်မှတ်ပေးထားကြောင်း သိရသည်။