၂. ၁၀. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြယ်နီကုန်းရွာမှ ရာအိမ်မှူး ဦးအောင်ဝင်းလေးအား အောက်တိုဘာ ၂ ရက် နံနက် ၅ နာရီ ၁၀ မိနစ် ခန့်တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို) က ပစ်ခတ်သတ်ဖြတ်ကာ ဖုန်းနှင့် ငွေသားအချို့ လုယက်သိမ်းဆည်းမှုဖြစ်ပွားခဲ့သည်။
လက်နက်မဲ့ ရာအိမ်မှုး ဦးအောင်ဝင်းလေးမှာ သာယာဝတီ PDF များ၏ ဆဲဆို၍ သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်မှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး ၎င်းထံမှ လခရတပ်ဖွဲ့များနှင့် အဆက်အသွယ်လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ PDF များ၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့် မှတ်စုစာအုပ် ၁ အုပ်၊ ငွေသား ၃၁၁၅၀ ကျပ်၊ ၎င်းအမည်ပါ မှတ်ပုံတင်နှင့် COVID -19 ကင်းရှင်းကြောင်း ထောက်ခံချက်ကတ်ပြား ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သာယာဝတီ PDF က ထုတ်ပြန်သည်။ သို့သော် သာယာဝတီ PDF များက ရာအိမ်မှူးဦးအောင်ဝင်းလေးကို သတ်ဖြတ်ပြီး လုယူသက်သေများ ပြသရာတွင် ထိုသို့သောစွပ်စွဲချက်များ မှန်ကန်သည်ကို မတွေ့ရချေ။
ထို့ပြင် ဦးအောင်ဝင်းလေးကို တပ်ကပေးထားသော သေနတ်နှင့် လက်ပစ်ဗုံးမှာ ပစ်ခတ်မှုဖြစ်ပွားရာသို့ ပါရှိလာခြင်းမရှိသည့်အတွက် သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဟုလည်း အကြောင်းပြခဲ့ပြီး ရာအိမ်မှူးဦးအောင်ဝင်းလေးမှာ ပျူစောထီး ခေါင်း ဆောင်ဖြစ်ကြောင်း၊ တပ်အတွက် လူအင်အား စုဆောင်းပေး၍ ခမရ(၆) တိမ်မြုပ်တပ်၌ စစ်သင်တန်းပေးခြင်း၊ PDF စခန်း နေရာများကို သတင်းပေးခြင်းနှင့် လိုက်လံပြသခြင်း PDF များ၏ သတင်းများကို ထောက်လှမ်းပေးပို့ခြင်း၊ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျနေခြင်းတို့ကြောင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာသည့်အပြင် ပိုမိုဆိုးရွားလာသည့်အတွက် စိစစ်အတည်ပြု၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သာယာဝတီ PDF က ထုတ်ပြန်သည်။
သို့သော် သာယာဝတီ PDF များပစ်ခတ်သည့်ရုပ်သံတွင်မူ မှောင်မည်းနေသောအချိန် ဆဲဆိုပစ်ခတ်ခြင်းဖြစ်ပြီး သေဆုံးချိန်မှ အတည်ပြုကာ အထက်ပါပစ္စည်းများအပြင် ဦးအောင်ဝင်းလေး၏ ဆိုင်ကယ်ကိုပါလုယက်သွားကြောင်းလည်း ရုပ်သံဖိုင်တွင် ဆဲဆိုမှုများအရ သိရသည်။ ထို့အပြင် လက်နက်မဲ့ရာအိမ်မှူးကို အမှောင်ထဲမှချောင်းပစ်ခတ်ကြသော သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို)မှ PDF များလည်း ဘေးကင်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံနှင့် ရုပ်သံဖိုင်များ Telegram တွင် ကြည့်ရှုရန်