၂.၁၀.၂၀၂၃
Written By Thandar
ဂီတကိုချစ်မြတ်နိုးသူ ဝါသနာရှင်တွေအတွက် The Platform Cover Session အဆိုပြိုင်ပွဲကြီးရဲ့ Level 1 အဆင့်ကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ရိုက်ကူးနေပါတယ်။
Weflex Production က စီစဥ်တင်ဆက်မယ့် အဆိုပြိုင်ပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရှိ ရုပ်ရှင်မြင့်တင်ရေး Stodio 1 မှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ စတင်ကျင်းပနေတာပါ။
“Cover Session ပြိုင်ပွဲကို ကျွန်တော် သဘောကျပါတယ်။ တစ်ချိန်ကအောင်မြင်ပြီးသား သီချင်းတစ်ပုဒ်ကို အဲဒီအတိုင်းမဆိုဘဲ တစ်မျိုးဆန်းသစ်ပြီး ပြန်ဆိုချိန်မှာ မူရင်းအဆိုရှင်နဲ့မတူရင် မင်းမှားတယ်လို့ ဝေဖန်သုံးသပ်ကြတယ်။ သံစဉ်ပြောင်းတာမျိုးမဟုတ်ဘဲ Music Type တွေ အများကြီးပြောင်းသွားတာကို ခံစားခွင့်ရှိတယ်။ သီချင်းတစ်ပုဒ်မှာ Original အောင် မြင်ဖို့လိုတယ်။ ဒီအောင်မြင်မှုအပေါ်မှာ မျိုးစုံခံစားပြီး ကွဲပြားစွာ ပြန်လည်သီကျူးကြတယ်။ သီချင်းတစ်ပုဒ်ကို ကိုယ်ပိုင်ဟန်နဲ့ သီကျူးတာ လက်ကမ်းကြိုဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်သူ ပရိသတ်နဲ့အသင့်တော်ဆုံး လူကိုရွေးချယ်မှာပါ”လို့ ဒိုင်တစ်ဦးဖြစ်သူ တေးရေး၊ တေးဆို နောင်နောင် (Sunflower) က MTNews Entertainment ကို ပြောပါတယ်။
The Platform Cover Session အဆိုပြိုင်ပွဲကို အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးတွေ ပေးထားတာလည်းဖြစ်ပါတယ်။ အဆိုပြိုင်ပွဲကို ပဏာမပြိုင်ပွဲဝင် ၅၄ ယောက်က Level 1 တစ်ခုမှာ Episode 18 ခု သတ်မှတ်ထားပြီး တစ်ခုဆီက ၁၈ ဦးဆီ ရွေးချယ်မှာဖြစ်ပါတယ်။ ဒီကတစ်ဆင့် Level 2 မှာ Episode 6 ရှိပြီးတော့ ရွေးချယ်ခံရသူ ပြိုင်ပွဲဝင် ၆ ဦးက Semi Final ၊ Grand Final ကို ဆက်လက်ပြီး အဆင့်ဆင့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒိုင်တွေ အနေနဲ့ တေးရေးတေးဆို နောင်နောင် (Sunflower)၊ Vocal Coaching မေသူခိုင်၊ ဇော်မင်းသိန်း (The Ugly Band) စတဲ့သူတွေ ပါဝင်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ အဆိုပါအဆိုပြိုင်ပွဲဝင် ၆ ဦးဟာ တေးသီချင်း Album ထုတ်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ The Platform Cover Session အဆိုပြိုင်ပွဲကို လာမယ့် အောက်တိုဘာလ ၂၃ ရက်မှာ Channel K ရုပ် သံလိုင်းကနေ စီစဉ်တင်ဆက်သွားမှာလည်းဖြစ်ပါတယ်။