၂. ၁၀. ၂၀၂၃
MT News
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ စာရင်းထုတ်ပြန်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လည်ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒဿမ ၂ သန်းဖြစ်ကြောင်း ထုတ်ပြန်သည်။
လူဦးရေကိန်းဂဏန်းများမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်မှုကို ယမန်နေ့က စတင်ကောက်ယူနေပြီး အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ယခု စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း မဆောင်ရွက်မီ တစ်နှစ်အလိုဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်း ကောက်ကွက် ၁၀၀ ကို ပြည်လုံးကျွတ်အဆင့် ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Mobile Tablet များအသုံးပြုကာ Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက် မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆယ်နှစ်တစ်ကြိမ်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ပြီး နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးကို သတ်မှတ်ကောက်ကွက်များအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
SAC အစိုးရအနေဖြင့် ယခု အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ပြုလုပ်သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုအတွေ့အကြုံအပေါ်မူတည်၍ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအား ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများရရှိလာပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။