MT News
၁. ၁၀. ၂၀၂၃
လူဦးရေကိန်းဂဏန်းများမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်မှုကို ယနေ့စတင်ကောက်ယူနေပြီး အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ကောက်ယူရာတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် စသည့်မြို့နယ်များအပါ အဝင် သတ်မှတ်ဒေသများတွင် သတ်မှတ်ကောက်ကွက်အလိုက် ယနေ့နံနက် ၉ နာရီမှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူအသီးသီးဖြင့် ကောက်ခံနေကြောင်း သိရသည်။
ဆယ်နှစ်တစ်ကြိမ်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ပြီး နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးကို သတ်မှတ်ကောက်ကွက်များအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
SAC အစိုးရအနေဖြင့် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ပြုလုပ်မည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုအတွေ့အကြုံအပေါ်မူတည်၍ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအား ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်း အပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများရရှိလာပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။
ပုံစာ။ စမ်းသပ်သန်းခေါင်စာရင်း ယနေ့ကောက်ယူမှုမြင်ကွင်း (Photo- MOI)