၂. ၁၀. ၂၀၂၃
Written by Thettant
လက်ရှိမြန်မာနိုင်ငံတွင် စားအုန်းဆီဈေးကြီးလာခြင်းနှင့် ရှားပါးလာခြင်း ပြဿနာသည်လည်း နေ့စဉ်လူမှုဒုက္ခတစ်ပါး ဖြစ် လာပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း သိရသော ဒေတာအထောက်အထားများအရ စစ်တမ်းရယူခဲ့သော မြို့နယ်ပေါင်း ၁၁၀ အနက် ၅၆ မြို့နယ် (၅၁ ရာခိုင်နှုန်း) တွင် စားအုန်းဆီပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ၆၄ မြို့နယ် (၅၈ ရာခိုင်နှုန်း) တွင် စားအုန်းဆီကို တန်းစီဝယ်ယူနေကြရသည်ဟု အမေရိကန်အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအချို့၏ ငွေကြေးထောက်ပံ့မှုဖြင့်လည်ပတ်နေသော ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
စားအုန်းဆီဝယ်ယူရန် တန်းစီသည့်အခါ တစ်ရက်လျှင် တစ်ကြိမ်သာဝယ်ယူနိုင်သည့် မြို့နယ် ၄၀ နီးပါး ရှိပြီး သုံးကြိမ်နှင့်အထက်ဝယ်ယူနိုင်သည့် မြို့နယ် ရှစ်မြို့နယ်ရှိသည်။ ထို့အပြင် စားအုန်းဆီ ဝယ်ယူသည့်အခါ အကန့်အသတ်ဖြင့် (ဥပမာ – တစ်ပိဿာသာလျှင်) ဝယ်ယူနိုင်သည့် မြို့နယ် ၃၁ မြို့နယ်ရှိပြီး မြို့နယ် ၁၁၀ အနက် ၃၆ မြို့နယ်တွင် ပမာဏသတ်မှတ်မထားဘဲ လိုသလောက် ဝယ်ယူခွင့်ပြုခဲ့သည်ကို တွေ့ရသည်။ ယင်းအပြင် အနည်းဆုံး ၂၅ မြို့နယ်တွင် စားအုန်းဆီ တန်းစီ ဝယ်ယူရာ၌ ထောက်ခံစာ၊ သို့မဟုတ် ဝယ်ယူခွင့်ကတ်ပြား လိုအပ်ကြောင်း သိရသည်။ ထောက်ခံစာ၊ သို့မဟုတ် ဝယ်ယူခွင့်ကတ်ပြားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ရယူကြရသည်။
အချို့မြို့နယ်များတွင်မူ မှတ်ပုံတင်၊ သို့မဟုတ် အိမ်ထောင်စုစာရင်းကို ပြသ၍ ဝယ်ယူရကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်က ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁,၈၀၀ ကျော်သာ ရှိခဲ့သည်မှ ယခုအချိန်တွင် ငွေကျပ် ၁၆,၀၀၀ အထိ အမြင့်ဆုံးဖြစ်လာချိန်၌ SAC က တစ်ပိဿာကို ကျပ် ၄,၈၀၀ မှ ၅,၈၀၀ အထိလျှော့ချရောင်းချပေးခဲ့သည်မှ စားအုန်း ဆီတန်းစီဝယ်ရမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စားအုန်းဆီသည် အစိုးရက ဗဟိုဘဏ်စျေးဖြင့်ရောင်းချပေးသည့်သွင်းကုန်ဖြစ်ပြီး ထိုသို့တင်သွင်းရာတွင် အရင်းမှာ စားအုန်းဆီတစ်ပိဿာ ၄၀၀၀ ပတ်ခြာလည်သာရှိသော်လည်း အမြတ်ကြီးစားသည့် ဝိသမလုပ်ငန်းရှင်များက တစ်ပိဿာကျပ် ၁၀၀၀၀ အထက် ရောင်းချချိန်တွင် ထိုသို့သောအမြတ်ကြီးစားသူများကို စိစစ်အရေးယူကာ အစိုးရထိန်းချုပ်မှုဖြင့် ရောင်းချချိန်တွင် ထိုသို့စားအုန်းဆီပြတ်လပ်မှုနှင့် တန်းစီဝယ်ယူရခြင်းများဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့အတူ မြို့နယ်၊ ရပ်ကွက်အချို့တွင်လည်း ရောင်းချခွင့်ရသူများက စားအုန်းဆီများကို ပြည်သူများအား အကန့်အသတ်ဖြင့်သာရောင်းချသော်လည်း မသမာမှုအဖြစ် အမြတ်တင်ရောင်းချမှုများလည်းရှိနေသည်ကို တွေ့မြင်ရသည်။
“ဆီတန်းစီနေတဲ့ ပြည်သူတွေရှေ့မှာတောင် ရောင်းပေးတဲ့ရပ်ကွက်ရုံးကလူက တစ်ပိဿာ ၈၀၀၀ နဲ့ ယူမယ်ဆိုရင် ပိဿာချိန် ၂၀ ရောင်းပေးမယ်ပြောနေတာ။ တစ်ပိဿာ ၃၀၀၀ ပဲ မြတ်ဦးတော့ တစ်နေ့အချိန် ၂၀ လောက်ပဲ အဲဒီလိုထုတ်ရောင်းဦးတော့ တစ်နေ့ ၆၀၀၀၀ လောက် အသာလေးမြတ်တယ်။ ဒါကတော့ သူတို့ခွင်ပေါ့” ဟု ဆီတန်းစီဝယ်ယူသည့် ပြည်သူတစ်ဦးက MT News သို့ မြေပြင်အခြေအနေပြောပြသည်။
ပုံစာ။ စားအုန်းဆီတန်းစီဝယ်ယူနေရသော ပြည်သူများမြင်ကွင်း(ဓာတ်ပုံ- မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း)