၈. ၁၁. ၂၀၂၂
Written by Min Mahar
တန်ဆောင်မုန်းလပြည့်နေ့တွင် မန္တလေးမြို့၌ PDF ပူးပေါင်းအဖွဲ့မှ ဗုံး ၄ လုံးခွဲရာ ၃ လုံးကွဲ၍ ၁ လုံးမကွဲကြောင်းဝန်ခံထား ပြီး မြို့နေပြည်သူများကိုလည်း နောင်အခါ ကြိုတင်သတိပေးပြောဆိုတော့မည်မဟုတ်တော့ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခြိမ်းခြောက်ထားသည့်သဘောဆောင်သော ကြေညာချက်များ ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၇ ရက်( တန်ဆောင်မုန်းလပြည့်နေ့) မနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၅လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြားရှိ (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ၁၂၃ လမ်း၊ ၅၈ လမ်းရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ညပိုင်းတွင် မဟာ အောင်မြေမြို့နယ်ရှိ ၃၈ လမ်းနှင့် ၇၃ လမ်းထောင့်များ၌ အင်းအားမပြင်းသော ဗုံး ၁ လုံးစီကွဲခဲ့ပြီး ၅၁ လမ်း ၊၁၂၆ လမ်းရှိ အမက (၂၉) ကျောင်းတွင်တပ်စွဲထားသောနေရာ၌ ထောင်ထားသော ဗုံး ၁ လုံးမှာ မကွဲခင် သက်ဆိုင်ရာကတွေ့ရှိပြီး သိမ်းဆည်းသွားကြောင်းနှင့် လူပစ္စည်းတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။
အဆိုပါ ဖောက်ခွဲမှုများကို လုပ်ဆောင်ခဲ့သည့် Truth Keeping Force၊ Annonymous Force MDY နှင့် Pentagram ငါးထောင့်ကြယ် အဖွဲ့များက ယင်းတို့အနေဖြင့် နိုဝင်ဘာ ၆ ရက်တွင် မလိုအပ်ဘဲ အပြင်မထွက်ရန် သတိပေးခဲ့သော်လည်း ပြည်သူများ စုဝေးစည်ကားလျက်ရှိသော နေရာအတော်များများအား တွေ့ရှိရသည်ကို ၀မ်းနည်းစွာတွေ့ရှိရသောကြောင့် ပြည်သူ့ရဲဘော်များကြေကွဲ၀မ်းနည်းရကြောင်း၊ ည ၈နာရီနောက်ပိုင်း အပြင်မထွက်ရန်နှင့် ဆိုင်များမဖွင့်ရန်မေတ္တာရပ်ခံခဲ့သော်လဲ လိုက်နာခဲ့ခြင်းမရှိကြောင်း၊ ထိုကြောင့် ည ၈နာရီ ၃၅ မိနစ်ခန့်တွင် ကျွန်ုပ်တို့ရဲဘော်များမှ ၇၃ လမ်းနှင့် ၃၈ လမ်း(ဒေါ်အောင်ဆန်းစုကြည်လမ်း)ထောင့်တွင် နောက်ဆုံးအကြိမ်အဖြစ် လူဗာလပြည်သူအချို့အားသတိပေးသည့် အနေဖြင့် အသံမိုင်းကို ဖောက်ခွဲသတိပေးလိုက်ကြောင်း၊ နောက်နောင်မည်သည့်ကိစ္စရပ်များကိုမှ ကြိုတင်အသိပေးဆောင်ရွက်တော့မည်မဟုတ်သောကြောင့် ကိုယ်ပိုင်အသိဉာဏ်များဖြင့်သာရှောင်ရှားကြပါရန် အသိပေးလိုက်ပါသည်” ဟု ၎င်းတိုအဖွဲ့က ဝန်ခံခြိမ်းခြောက်ထားသည်။
“အင်အားမပြင်းတဲ့ ဗုံးတွေတော့ကွဲတယ်။ အလန့်သဘောမျိုးဖြစ်အောင်ခွဲတာဖြစ်မယ်။ အခုလိုခြိမ်းခြောက်ပြောဆိုနေတော့ တကယ်နစ်နာတာ ကိုယ့်ပြည်သူတွေပဲ။ ဘယ်ဘက်မှ အမှားအမှန်မခွဲခြားပေးစေချင်ပေမဲ့ အကြမ်းဖက်မှုတွေကိုတော့ ဘယ်ဘက်ကိုမှမလုပ်ဆောင်စေချင်တော့ပဲ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ အေးချမ်းစွာ အဆင့်တန်းရှိရှိ စားပွဲခုံပေါ်မှာထိုင်ပြီး ဖြေရှင်းစေချင်ပြီ။ ဒါမှ ဘယ်သူမှမနစ်နာတော့ဘဲ တိုင်းပြည်တိုးတက်လာမှာဖြစ်တယ် ” ဟု ခြိမ်းခြောက်ဖောက်ခွဲမှုများကို မနှစ်သက်သော မြို့နေပြည်သူတစ်ဦးက ဆိုသည်။
Anonymous Force MDY နှင့် မဟာမိတ်များဖြစ်ကြသော Mandalay Young Force- MYFနှင့် Truth Keeping Force-AMA တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force MDY အက လက်လုပ်ဗုံးဖြင့်ပစ်သွားသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ဧည့်စာရင်းလာတိုင်သည့် လူငယ်နှစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့သည်။