၈. ၁၁. ၂၀၂၂
Written by Nay Moe
ရန်ကုန်အခြေစိုက် မြေအောက်လှုပ်ရှားအဖွဲအစည်းနှစ်ခုဖြစ်သော PDF နှစ်ဖွဲ့ပေါင်းပြီး ကျွန်းတော/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသစ်အား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force (Sanchaung) က ကြေညာထားသည်။
ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ည (နိုဝင်ဘာ ၇ ရက်)၊ ည ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပကဖတပ်ရင်း၊ တပ်ခွဲ(၁)၊ တပ်စု(၁)၊ တပ်စိတ်(၁)နှင့် PDF-Sanchaung တို့ပူးပေါင်းပြီး စမ်းချောင်းမြို့နယ်၊ကျွန်းတောလမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ ကျွန်းတော/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် မိမိတို့နယ်မြေအား လုံးဝအုပ်ချုပ်ခွင့်မရစေရေးအတွက် အုပ်ချုပ်ရေးပစ်မှတ်အား ဖြိုဖျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း PDF(Sanchaung) က အသိပေးထားသည်။
“ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်က အုပ်ချုပ်ရေးပစ်မှတ်အဖြစ် အဲဒီရုံးကိုရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် အနီးအနားမှာ ပြည်သူတချို့ထိုင်နေတာတွေ၊ ပံ့သကူကောက်ဖို့ စောင့်ဆိုင်းနေသူတွေကြောင့် ရုံးရဲ့အတွင်းနံရံကိုအကာအကွယ်လုပ်ပြီး ပြည်သူမထိခိုက်အောင် ဆောင်ရွက်ခဲ့ရတာပါ။ ဒါကြောင့် လူထိခိုက်မှုတော့မရှိဘူး။ အုပ်ချုပ်ရေးရုံးကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲသလိုပဲ ဆောင်ရွက်ခဲ့တာပါ”ဟု PDF(Sanchaung) မှ Admin တစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေဆိုသည်။