၈. ၁၁.၂၀၂၂
Written by Min Mahar
မန္တလေးမြို့ရှိ Zeus Club အား မိုင်းထောင်ခဲ့သည့် Anonymous Force MDY နှင့်မဟာမိတ်များက ယနေ့ (နိုဝင်ဘာ ၈ ရက်နေ့) ထပ်မံ၍ မန္တလေးမြို့တွင်းရှိ Club များအား ပြင်းထန်စွာ ခြိမ်းခြောက်ထားသည့် ကြေညာချက်အား ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။
Anonymous Force MDY နှင့် မဟာမိတ်များက မန္တလေးမြို့ရှိ Club များကို သတ်မှတ်ရက်အတွင်း ပိတ်ပေးပါရန်တောင်းဆိုခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် နိုဝင်ဘာ ၇ ရက် (တန်ဆောင်မုန်းလပြည့်နေ့) ညတွင် Zeus Club အား အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲသတိပေးရန် ကြိုးစားခဲ့သော်လည်း လခရများက အဝေးထိန်းမိုင်းအား ရှင်းလင်းသွားသည်ဟု Anonymous Force MDY မှ သိရသည်။
” Zeus က ကောင်တွေက Club လာတဲ့ Customer တွေကိုအတော်ချစ်ပုံရတယ်။ အဝေးထိန်းမိုင်းတွေ့တာတောင် မသိသလိုနေပြီး Club ဖွင့်သေးတာ။ ဖွင့်ရဲတဲ့ Club လည်း ဖွင့်ကြပေါ့နော်။ သတိလည်း ပေးထားပြီးပြီပဲ။ ဖြစ်လာရင်တော့ တောင်းပန်စာတောင်မရဘူးနော်” ဟု Annonymous Force MDY က ဆိုသည်။
၎င်းတို့အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်ကတည်းက မန္တလေးမြို့မှ Night Club များ တန်ဆောင်မုန်းလပြည့်အထိ မဖွင့်ရန်နှင့် ဆက်လက်ဖွင့်ပါက နောင်တရမည်ဟု ခြိမ်းခြောက်ပြောဆိုထားသာ ကြေညာချက်အား ထုတ်ပြန်ခဲ့ပြီး Zeus အား ဖောက်ခွဲတိုက်ခိုက်မှုပြုခဲ့သည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့မှုနှင့် တိုက်ခိုက်မှုများရှိသော်လည်း မြို့ပေါ်ရှိ Club များဖြစ်သည့် Zeus၊ Pioneer၊ Bar in Bar စသည့် Club များကလည်း ဖွင့်မြဲအတိုင်း ဆက်လက်ဖွင့်ထားပြီး ပြည်သူများကလည်း သွားလာနေကြသည်ကို တွေ့ခဲ့ရသည်။
“အိမ်ထဲနေရတာမွန်းကြပ်လှပြီ။ ကိုဗစ်ကပ်ရောဂါပြီးတော့ နိုင်ငံရေးကထပ်ဖြစ်လာတော့ အိမ်တွင်းအောင်းနေခဲ့ရတာ။ ကိုယ့်သားသမီးတွေကိုလည်း မျက်စိပိတ်သလို အိမ်ထဲမှာကြည့်မထားနိုင်တော့လို့ ကြောက်ပေမဲ့လည်း အခုလိုထွက်ပြီးပို့နေရတာပါ”ဟု လပြည့်နေ့ က အပန်းဖြေလည်ပတ်ခဲ့သူ မန္တလေးမြို့နေမိခင်တစ်ဦးက MT Newကို ရင်ဖွင့်ပြောဆိုသည်။
အဆိုပါ PDF များအနေဖြင့် Club များကို ခြိမ်းခြောက်မှုအပြင် တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ပြည်သူများအပြင်မထွက်ကြရန် ကြိမ်းမောင်းခြိမ်းခြောက်ထားသည့် ထုတ်ပြန်ချက်များထုတ်ပြန်ထားသော်လည်း မြို့နေပြည်သူလူထုများက တန်ဆောင်တိုင်ပွဲတော်ကို ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့သည်ကိုလည်း တွေ့ရသည်။