MT News
Written By Thandar
အာရှအနုပညာဖန်တီးမှုဆိုင်ရာအကယ်ဒမီဆုချီးမြှင့်ပွဲဖြစ်တဲ့ Asia Academy Creative Award ပွဲ နိုင်ငံအသီးသီး ကိုယ်စားပြုဆန်ကာတင်စာရင်း (National Winner) အနေနဲ့ Canal+ ရဲ့ဇာတ်ကားတွေနဲ့အတူ Best Actress In A Supporting Role ဆန်ခါတင်စာရင်းမှာ စုထက်လည်း ပါဝင်လို့အရမ်းပျော်ပါတယ်လို့ဆိုပါတယ်။
“ဂျူလီယာဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ကောင်မလေးကို မှတ်မိကြသေးလားဟင်။ အဲ့ဒီ ဂျူလီယာဆိုတဲ့ ဇာတ်ကောင်လေးနဲ့ Singapore နိုင်ငံက ချီးမြှင့်တဲ့ Asian Academy Creative Awards ရဲ့ Best Actress In A Supporting Role (အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု) ကို မြန်မာနိုင်ငံရဲ့ National Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အခြားနိုင်ငံက သရုပ်ဆောင်တွေနဲ့ ယှဉ်ပြီးရွေးချယ်ခံရတာမို့ အခုအရမ်းပျော်နေပါတယ်” လို့ စုထက်က ပြောပါတယ်။
အဆိုပါ National Winner စာရင်းထဲမှာ Canal+ Myanmar ရဲ့ဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ “မောင်မောင်တို့ရဲ့မောင်မောင်” နဲ့ “အိပ်မက်ငိုတော” တို့ဟာ အကောင်းဆုံးဟာသ ရုပ်သံအစီအစဥ်ဆု (Best Comedy Program Award) နဲ့ အကောင်းဆုံးရုပ်သံစီးရီးဆု (Best Drama Series Award ) တို့မှာ အသီးသီး နိုင်ငံကိုယ်စားပြု ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး “ချိုခါးဆိမ့်သက်အချစ်တစ်ခွက်” ဇာတ်လမ်းတွဲနဲ့ စုထက်ကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆု (Best Actress In A Supporting Role ) မှာ National Winner ကို ဆန်ခါတင် စာရင်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။
အာရှနိုင်ငံတွေရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသမီးတွေနဲ့အတူ နောက်ဆုံးပြိုင်ပွဲကြီးမှာ အကောင်းဆုံးဆုအတွက် ယှဥ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပနေလျှက်ရှိတဲ့ Asia Academy Creative Award နောက်ဆုံး “Gala Finals” ပွဲကိုတော့ ၂၀၂၃ ဒီဇင်ဘာလအတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ပြီး အကောင်းဆုံးဆုတွေကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။