၈. ၁၁. ၂၀၂၂
Written by Nay Moe
မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံး ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဟု NLD ၏ ဗဟိုအလုပ်ကော်မတီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အချက် ၁၄ ချက်ဖော်ပြထားသော အဆိုပါထုတ်ပြန်ချက်တွင် အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း မိမိတို့ယုံကြည်သည်။ ထို့အပြင် စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း အလေးအနက်တောင်းဆို အပ်ပါသည်ဟု ဖော်ပြထားသည်။
ထို့ပြင် SAC က ကျင်းပရန် လုပ်ဆောင်နေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှုရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေသည်ကို တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။