MT News
Written by KL
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၂) ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကနောင်မင်းသားကြီးလမ်း ထောင့်တွင် စက်တင်ဘာ ၂၇ ရက် ညပိုင်းက ရပ်ထားသော ၂၂ ဘီးတွဲကားကို ကုန်တင်ကားတစ်စီး ဝင်တိုက်ရာမှ လူတစ်ဦးသေဆုံးခဲ့သည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၇ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂) ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင် လမ်းဘေး၌ရပ်ထားသော ၂၂ ဘီးတွဲကားကို မုန့်ကုမ္ပဏီတစ်ခုမှ ISUZU LEF ကုန်တင်ယာဥ်က ဝင်တိုက်ခဲ့ရာ ISUZU LEF ကုန်တင်ယာဥ်မောင်းမှာ ကားခေါင်းတွင် ညပ်နေခဲ့သဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“ကားထဲက လူက စတွေ့ကတည်းက အခြေအနေအတော်ဆိုးနေပြီး ကားခေါင်းခန်းကလည်း မွနေပြီ။ လူနာကိုကယ်ထုတ်တာ ၅ မိနစ်လောက်ပဲ ကြာတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိခဲ့သည် အသက်၂၅ နှစ်အရွယ်ယာဥ်မောင်းကို အကြင်နာကုသိုလ်ပြု ဘဘကြီးအဖွဲ့ ပရဟိတအသင်းမှ သူနာတင်ယာဥ်ဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်စဥ်လမ်းခုလတ်၌ သေဆုံးသွားခဲ့ကြောင်း အဆိုပါပရဟိတအသင်းထံမှ သိရသည်။
“ကားကလည်း အရှိန်ပြင်းမောင်းလာပုံရတယ်။ လမ်းကလည်းမှောင်နေတာ ရပ်ထားတဲ့တွဲကားနောက်မှာ ကာထားတဲ့အမိုးက အနက်ဆိုတော့ တိုက်မိသွားတာ”ဟု ယာဥ်မတော်တဆမှုကို လာရောက်ကြည့်ရှုသူ အမျိုးသားတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုဖြစ်ပွားသောနေရာသည် စက်မှုဇုန်သို့ အဝင်အထွက်လမ်းဖြစ်ပြီး ညအခါ၌ မော်တော်ယာဥ်များအနေနှင့် အရှိန်ပြင်းမမောင်းဘဲ သတိထားမောင်းနှင်သင့်ကြောင်း၊ ရပ်ထားသော ကုန်တင်ယာဥ်များအနေဖြင့်လည်း သတိပေး အမှတ် အသားများကို လုံလောက်စွာ တပ်ဆင်ထားသင့်ကြောင်း ရပ်ကွက်နေသူ တစ်ဦးက ပြောဆိုသည်။ (ဓာတ်ပုံ – စိန်ကြီး)