◾ နွေဦးတော်လှန်ရေးကာလအတွင်း သံဃာတော် ၈၇ ပါးနှင့် သီလရှင်တစ်ပါး သတ်ဖြတ်ခံထားရ
၂၈. ၉. ၂၀၂၃
Written by Nay Moe
ထန်းတပင်မြို့နယ် မင်းကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ထိုသို့ သတ်ဖြတ်မှုမှာ နွေဦးတော်လှန်ရေးကာလအတွင်း ၈၇ ပါးမြောက် သတ်ဖြတ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မင်းကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝေပုလ္လ(၃၇ နှစ်)၊ ဝါတော် ၁၇ ဝါရှိသော ငယ်ဖြူဆရာတော်အား KNU နှင့် PDF အဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာ ၂၄ ရက် ည ၇ နာရီခွဲအချိန်တွင် အဆိုပါ ကျေးရွာအတွင်းသို့ KNU အဖွဲ့နှင့် PDF အဖွဲ့ဝင် ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဝေပုလ္လအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ကျေးရွာအနောက်ဘက်ရှိ မင်းကျိုင်း-ကြိမ်တောမြောင်းသွားလမ်းအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဦးဝေပုလ္လတွင် နဖူးကျည်ထိမှန်ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကျည်ထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD၊ CRPH၊ NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးကာလအတွင်း ထိုလက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံသူ ဆရာ၊ ဆရာမများ၊ ကျောင်းတက်သူ ကလေးသူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ပေးသူ စွပ်စွဲချက်များဖြင့် လူဦးရေ ၆၃၀၀ အထက် သတ်ဖြတ်ထားပြီး ထိုသို့ သတ်ဖြတ်ခံရသူများတွင် သံဃာတော် ၈၇ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့မှာလည်း NLD၊ NUG နှင့် PDF တို့၏ လုပ်ရပ်များ မထောက်ခံမှုဖြင့် ပါဝင်သတ်ဖြတ်ခံထားရသည်ဟု သိရသည်။