၂၈.၉.၂၀၂၃
Written by Peya
လမ်းဘေးတွင် ကွယ်လွန်နေသဖြင့် အလောင်းသွားကောက်စဉ် သေဆုံးသူဖခင်ဘေးငိုနေရှာသည့် အသက် ၆ နှစ်အရွယ် မိဘမဲ့သားငယ် မောင်အော်ရီဒူးကို မဟာလူမှုကူညီရေးအသင်းက အလောင်းကို သက်ဆိုင်ရာသို့ပို့ပြီးနောက် ကယ်ဆယ်ထားခဲ့ရာ အဆိုပါကလေးငယ်ကို အသင်းက ဆက်လက်စောင့်ရှောက်သွားရန် အစီအစဉ်ရှိကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌ ကိုသက်ကြီးက MT News သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်က မန္တလေးမြို့၊ ကမ်းနားလမ်း၊ တားရိုးပေါ်တွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးနေခြင်းဖြစ်ကာ ကလေးငယ်ကို မေးမြန်းချက်အရ လပွတ္တာမြို့တွင် နေထိုင်သည်ဟုသာသိရပြီး ဆွေမျိုးများကိုလည်း မသိကြောင်းနှင့် မိခင်မှာလည်း ငယ်စဉ်ကပင် ဆုံးပါးသွားပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားသောကြောင့် ဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့သည့် မဟာလူမှုကူညီရေးအသင်းက စောင့်ရှောက်ပေးထားခြင်း ဖြစ်သည်။
“လက်ရှိမှာတော့ ကလေးက ကျွန်တော့်ဆီရောက်တာ သုံးရက်မြောက်ပေါ့။ သုံးရက်မြောက် အတိုင်းအတာမှာ ပထမတစ်ရက်ကတော့ ကလေးဆိုတော့ ဘာမှမသိတော့ ငေါက်လိုက် ချော့လိုက် ဆိုင်ကယ်ပေါ်တင်မောင်းလိုက် ကားပေါ်တင်ပတ်ပေးလိုက်နဲ့ ထိန်းရတာပေါ့။ မနေ့ညက ညီငယ်တွေက စကြတယ်။ မင်းအိမ်ပြန်မှာလားဆိုတော့ ကျွန်တော်က ဘယ်အိမ်ပြန်ရမှာလဲ အဲ့ဒါမျိုးလေးတွေပေါ့။ လက်ရှိမှာတော့ အဆင်ပြေတယ်ပေါ့။ ဒီအရွယ်ဆိုတာလည်း မိဘဆုံးလည်း ဆုံးတုန်းခဏပဲ ရှိတာ။ အသင်းက ကလေးတွေက ဖုန်းဆိုရင် ဖုန်း သူတို့ ဖုန်းတွေ ငှားပေးကြ၊ ဂိမ်းတွေ ထည့်ပေးကြနဲ့ စိတ်ကုစားတဲ့ အပိုင်းမှာတော့ အဲ့ဒီလိုကျော်ဖြတ်တာပေါ့” ဟု ကိုသက်ကြီးက ရှင်းပြသည်။
လက်ရှိတွင် မောင်အော်ရီဒူးကို စောင့်ရှောက်သည့် ကိစ္စနှင့်ပတ်သက်၍ သုံးနည်းစဉ်းစားထားကာ ပထမတစ်နည်းမှာ ဆွေ မျိုးများကို ပြန်လည်ရှာဖွေဆက်သွယ်ကာ ကလေးကို ပြန်လည်အပ်နှံရန် ဖြစ်သော်လည်း လက်ရှိတွင် တိတိကျကျ မသိသည့်အတွက် ရှာဖွေရန်ခက်နေပြီး ဒုတိယနည်းမှာ အသင်းကစောင့်ရှောက်ထားသည့် ပမာဏထက် ကျော်လွန်ကာ ကလေးကို လုပ်ပေးနိုင်မည်ဆိုပါက မွေးစားသူလက်တွင် အပ်နှံရန်နှင့် တတိယနည်းမှာ အသင်းက ဆက်လက်စောင့်ရှောက်သွားရန် ဖြစ်ကြောင်း ၎င်းက ဆိုသသည်။
“ကျွန်တော်တို့သည် ဖြစ်စဉ်ကို မျက်ဝါးထင်ထင် မြင်ထားရတဲ့အတွက် ဒီဝမ်းနည်းမှုက ကျွန်တော်တို့မှာ ပိုများတယ်။ ကျွန်တော်လည်း ပထမဆုံးတော့ မခေါ်ဘူး။ မွေးစားမယ်ဆို ပေးခဲ့မှာပေါ့။ ကျွန်တော်တို့အလုပ်သည် ပိုင်ရှင်မဲ့သေဆုံးတာကို သင်္ဂြိုလ်တာ။ ပရဟိတအလုပ်သည် ပရဟိတပဲ လုပ်သွားလိုက်မှာ။ တစ်ညသိပ်တဲ့ အချိန်ကစပြီး နောက်ရက်ကျတော့ မွေးစားမယ်ဆို ခေါ်ထားတဲ့သူတွေဟာ သဲထမ်းတဲ့သူတွေ ဖြစ်တယ်။ ပျံကျသမားတွေဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ နေတဲ့ ရပ်ကွက်ဒေသမှာ အခြေခံလူတန်းစားများတယ်။ တချို့ဆိုကလေးတွေ တောင်းစားနေရတာ ရှိတယ်။ ဒီပုပ်ထဲက ဒီပဲဆိုတာ မဖြစ်အောင်ကူညီပေးလိုက်တာပေါ့” ဟု ကိုသက်ကြီးက ဆိုသည်။