၂၈. ၉. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 3 (ပြည်တွင်းလေဆိပ်) အား အသုံးပြုကြသော လေဆိပ်ဝန်ဆောင် မှု အသုံးပြုသူ (ဆိုက်ရောက်/ထွက်ခွာ) ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လေဆိပ်အဆောက်အအုံ ပရဝဏ်အတွင်းသို့ ဝင်ရောက်ပို့ဆောင်/ကြိုဆိုခြင်းကို စက်တင်ဘာလ ၂၈ ရက်(ယနေ့) နံနက် ၁၁ နာရီမှ စတင် ခွင့်ပြုခဲ့ကြောင်း အသိပေးထားသည်။
ခရီးသည်များအနေဖြင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အမှတ် (၁)၊ (၂) နှင့် (၄) မှတစ်ဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်/ ကြိုဆိုကြသော မိသားစုဝင်များ၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှာ ဂိတ်အမှတ် (၂) မှတစ်ဆင့်သာ ဝင်ရောက်ရမည် ဖြစ်သည်။
လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရမည်ဖြစ်သည်။ ဝင်ရောက်ခွင့်ကတ်ပြားဖြင့် အဆောက်အအုံအတွင်း ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၃) မှ ပြန်လည်ထွက်ခွာပြီး ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
နိုင်ငံတကာခရီးစဉ်များ အသုံးပြုသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal1 လေဆိပ်အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုမည့် ဧည့်သည်များအား စက်တင်ဘာလ ၁၉ ရက်မှစ၍ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားပြည်သူများအတွက် စဉ်ဆက်မပြတ် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေသော လေဆိပ်အသုံးပြုမှုဖြစ်စေရန် သက်ဆိုင်ရာလုံခြုံရေးအစီအမံများအား ပုံမှန်အတိုင်းထားရှိမည်ဖြစ်သည်။ လိုက်ပါပို့ဆောင်သူ/ ကြိုဆိုကြသူ ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသော စည်းကမ်းများအတိုင်း မိမိတို့၏ ဝင်ခွင့်ကတ်ပြားများကို တစ်ပါတည်းချိတ်ဆွဲထားရမည်ဖြစ် သည်။